Home
ဆောင်းပါး
နာဂစ်တစ္ဆေများ၏ အော်ညည်းသံ
DVB
·
October 4, 2025
Design: DVB

မုန်တိုင်းရာသီဟုပင် ပြောရမလားမသိ၊ ဖိလစ်ပိုင်ကို ဗဟိုပြု၍ ရာဂါဆာမုန်တိုင်းသည် တိုင်ဝမ်၊ ဟောင်ကောင်နှင့် တရုတ်ပြည် တောင်ပိုင်းကမ်း‌ခြေဒေသများကိုလည်းကောင်း ဘူအာလွိုင်း မုန်တိုင်းသည် အိမ်နီးချင်း ဗီယက်နမ်တောင်ပိုင်း၊ အလယ်ပိုင်းဒေသများသို့လည်းကောင်း ပြင်းထန်စွာ ဝင်ရောက်မွှေနှောက်သွားခဲ့ပြီ ဖြစ်သည်။

ဆူပါတိုင်ဖွန်းအဆင့် ၅ ဟု သတ်မှတ်ထားသော ရာဂါဆာမုန်တိုင်းသည် လေတိုက်နှုန်း တနာရီလျှင် ၁၇၄ မိုင် ရှိသည်။ တိုင်ဝမ်နှင့် ဖိလစ်ပိုင်တွင် လူပေါင်း ၂၈ ဦး သေဆုံးသွားခဲ့ပြီး ၉ ဦး ပျောက်ဆုံးနေသည်။

အလားတူ ဆူပါတိုင်ဖွန်း အဆင့် ၅ ဟု သတ်မှတ်ထားသော ဘူအာလွိုင်းသည်လည်း တနာရီလျှင် မိုင် ၁၆၀ နှုန်း တိုက်ခတ်သွားသဖြင့် ဗီယက်နမ်တွင် ၁၂ ဦး သေဆုံး၊ ၁၇ ဦး ပျောက်ဆုံးကာ၊ ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၂၀ ခန့် သေဆုံးခဲ့သည်။

လူမှန်းသိသည့် အစိုးရကောင်းများရှိနေသော ထိုနိုင်ငံများသည် အသေအပျောက် ဆယ်ဂဏန်းမျှသာ ရှိခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ် ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိုက်ခတ်သွားသော မုန်တိုင်းသည် တနာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့် တိုက်ခတ်သွားခဲ့ရာ တရားဝင် စာရင်းဇယားများအရ  လူပေါင်း ၁၃၈,၃၇၃ ဦး သေဆုံးပြီး ၅၃,၈၀၀ ဦး ပျောက်ဆုံးသွားခဲ့ရသည်။

မုန်တိုင်းပြင်းအားသည် ရာဂါဆာ၊ ဘူအာလွိုင်တို့နှင့် နှိုင်းယှဉ်ပါက အားပျော့နေသော်လည်း သေဆုံးမှုနှုန်းသည် မြင်းမိုရ်တောင်နှင့် ဆီးစေ့ (ဇီးစေ့) ပမာ ကွာခြားချင်တိုင်း ကွာခြားနေသည်။

တမလွန်ဘဝ ရောက်သွားရရှာသော လူပေါင်း ၁၃၈,၃၇၃ ဦးက မိမိတို့ကျ အဘယ်ကြောင့် ထိုသို့ ဖြစ်ကြရသနည်းဟု ကျယ်လောင်စွာ မေးခွန်းထုတ်လာကြတော့မည် ဖြစ်သည်။ လူအသက်ကို ဖက်ရွက်လေး တရွက်မျှပင် တန်ဖိုးထားရ‌ကောင်းမှန်း မသိကြ‌သော စစ်အာဏာရှင် အပေါင်းပါများကတော့ ပုခုံးသာတွန့်ပြကြမည်သာ ဖြစ်သည်။

မည်သို့မျှ ကြိုတင်ပြင်ဆင်ပေးမှုလည်းမရှိ၊ ရွက်ဖျင်တဲလို ကယ်ဆယ်‌ရေး အထောက်အကူပစ္စည်း များ ဘာတခုမျှ အဆင်သင့်မရှိ၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ရွှေ့ပြောင်းပေးခြင်း မျိုးလည်းမရှိ၊ ဘာဆိုဘာမျှ လုပ်မပေးခဲ့ကြ။ စီမံခန့်ခွဲနိုင်သည့် စွမ်း‌ဆောင်ရည်လည်း မရှိ၊ ထိုသို့ လုပ်မပေးကြသည့်အပြင် နှစ်ရက်မျှ ကြာသည်အထိ ၎င်းတို့ဘက်က ခွေးတကောင် ကြောင်တမြီးမျှပင် ရောက်မလာခဲ့ကြ၊ ရဟတ်ယာဉ်နှင့် အောက်တွင် မုန့်လုံး‌ရေပေါ် ကဲ့သို့ ပေါလော မျောနေသည်များကို ဝဲပျံကြည့်သွားကြသည်တော့ ရှိသည်။ ရောက်လာပြန်တော့လည်း လက်ချည်း သာသာဖြစ်ပြီး "ဘာများလိုကြလဲ" ဟု မေးခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် ယခုအခါ လူတိုင်းရွံရှာနေကြပြီ ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံကို လူတသိန်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် တနိုင်ငံလုံး ပူဆွေး‌သောကနှင့် ဗျာများ နေချိန်တွင်ပင် ဆက်၍ လုပ်ရန်ကြံလာရာ ဖိအားပေးမှုများကြောင့် နှစ်ပတ်ခန့်ရွှေ့ဆိုင်းပေးခဲ့သည်။ ပြည်ပ ကယ်ဆယ်ရေး ဝန်ထမ်းများအား တပတ်ကြာသည်အထိ ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေး။ ရလာသည့် ပြည်ပအကူအညီများကိုလည်း ဗိုလ်ချုပ် အသီးသီး၏ နာမည်များ ကပ်ခဲ့ပြန်သည်။

ပြီးခဲ့သည့် ကိုဗစ် ဒုတိယလှိုင်းတွင်လည်း မည်သိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဘဲ လွတ်လပ်စွာ ကူးစက်ခွင့် ပေးခဲ့ကြပြန်သဖြင့် နေ့စဉ်လို လူ ၂၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။

မင်းအောင်လှိုင်က "သတင်းဌာနများနှင့် ဆိုရှယ်မီဒီယာများသည် အချက်အလက်များကို မှားယွင်းစွာ ဖေါ်ပြပြောဆိုနေကြပြီး တကယ်တမ်းတွင် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း လူစုလူဝေးကြီးများနှင့် လမ်းပေါ်ထွက်လာကြသဖြင့်သာ ပျံ့နှံ့ခဲ့ရခြင်းဖြစ်ပါတယ်"ဟု ပြောခဲ့ပြန်သည်။

ဘာမှ လုပ်မပေးဟုဆိုက အဆိုးမြင်ရာ ကျသည်၊ ၎င်းတို့ လုပ်ပေးခဲ့သည်က အလောင်း ၃,၀၀၀ ခန့် ကိုင်တွယ် နိုင်စွမ်းရှိသည့် မီးသင်္ဂြိုလ်စက်  ၁၀ လုံးခန့် တည်ဆောက်ပေးလာပြီး ၅ ဒသမ ၄ သန်း ရှိ ရန်ကုန် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် တနှစ်စာ လုံလောက်သည်ဟု ကြေညာလာခဲ့သည်။

အောက်စီဂျင် ဖြန့်ဖြူးနေမှုကို မောင်ပိုင်စီးပြီးနောက်တွင် မရသလောက် နီးနီး ဖြစ်သွားခဲ့ရသည်၊ အချို့နေရာများတွင် သေအံ့မူးမူး ဖြစ်နေသော မိသားစုဝင်များအတွက် ကယ်၍ ရလိုရငြား အလုအယက် တန်းစီနေသော လူအုပ်ကြီးကို အင်အားသုံး ဖြိုခွဲမှုများပင် ရှိလာခဲ့သည်။

လက်ရှိ စစ်အုပ်စု ဆက်၍ အုပ်ချုပ်သွားမည်ဆိုက မည်မျှအန္တရာယ်များကြောင်း ၎င်းတို့၏ လက်စ လက်နများကို စစ်ကိုင်းမြေငလျင်ကြီးက မကြာခင်ကပင် သက်သေခံခဲ့ပြီ ဖြစ်သည်။

နိုင်ငံအနှံ့ ရေလွှမ်းမိုးခဲ့စဉ်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မိမိတို့ဘက်မှ  ရေကြီးဖွယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း ထိုမျှလောက်ထိ မိုးသည်းထန်စွာ ရွာသွန်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သို့ဖြစ်‌၍ ကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ဟု ထုံးစံအတိုင်း ဖြစ်ပြီးနောက် ခေါ်ယူသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ဝန်ခံသွားခဲ့သည်။

ဤအချက်ကို ကြည့်မည်ဆိုက အာဏာရှင်စနစ်ဆိုး၏ ကြောက်မက်ဖွယ် ကောင်းသည့် အချက်ကို အထင်အရှားတွေ့လာနေရပြီ ဖြစ်သည်။ တိုင်းပြည်နှင့် လူထုသည် တဦးတယောက်တည်း၏ အ‌တွေးအခေါ်၊ အကြံအစည်တခုတည်းပေါ် ၎င်းတို့၏ ကံကြမ္မာကို ပုံအပ်ထားကြရခြင်းပင် ဖြစ်သည်။

အာဏာရှင်က ထိုမျှလောက် မိုးမကြီးနိုင်ဟု ယူဆလျှင် မည်သည့် ပညာရှင်ကမျှ ကြီးနိုင်သည်ဟု ကြိမ်းသေသိနေသည် ဆိုစေဦး စောဒက တက်ရဲကြမည် မဟုတ်ပေ။ 

တိုင်းပြည်ကို ခေါင်းဆောင်ရာတွင်  မရှိမဖြစ် လိုအပ်သည့် အမြော်အမြင်ရှိမှု၊ အသိဉာဏ်ပညာနှင့် ပြည့်စုံမှု၊ အကျပ်အတည်းနှင့် ကြုံလာလျှင် စီမံခန့်ခွဲတတ်မှု ဆိုသည်များကဗလာနတ္တိပင် ဖြစ်သည်။

ထိုသို့ လူ့အသက်ကို တန်ဖိုးထားရကောင်းမှန်းမသိ ဦး‌‌နှောက်ဗလာဖြင့် လူများမဲပုံးထောင်ပြီး ပုံစံ သစ်ဖြင့် တိုင်းပြည်အုပ်ချုပ်သွားမည့် အရေးကို ခရိုနီ၊ ခရိုပြာများကို မဆိုလို၊ ဆက်၍ ‌သဘောကျ ထောက်ခံနေသူများကို မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် ကြောက်ခမန်းလိလိ အန္တရာယ်ကြီး ကျရောက်ပေတော့မည်ဟု မပြောက အခြား အဘယ်သို့များ ပြော၍ ရနိုင်ပေဦးမည်နည်း။

နာဂစ်မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော ဧရာဝတီတိုင်းတွင် စစ်အုပ်စုသည် ပန်းပန်လျှက်ပင် ရှိနေဆဲ ဖြစ်သည်။ လူမှန်း မသိလောက်အောင် အာဏာမှ အာဏာ ယစ်မူးနေကြသူများ၏  ဦးနှောက်ထဲရှိ black hole ကြီးထဲမှ ယိုစိမ့်လာသော ကောက်ကျစ်သည့် အကြံဉာဏ်များအတိုင်း တတိုင်းပြည်လုံး စေစားခြင်း ခံနေကြရပြီ မဟုတ်ပါလော။

သိပ္ပံပညာရှင်များက အာဏာရှင်များ ဦးနှောက်ရှိ တွင်းနက်ကြီးများကို လေ့လာရာတွင် dark triad ဟုခေါ်သော အစုအဝေးကြီး သုံးစု ရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။ ပထမ တစုသည် narcissism ခေါ် အတ္တမာန လွန်ကဲမှု၊ ဒုတိယတစုသည် psychopathy ခေါ် ငယ်စဉ်က စိတ်ဒဏ်ရာ ရလာ၍ ကြမ်းတမ်းစွာ ရန်မူလိုမှုနှင့် Machiavellianism ခေါ် တရားသည် မတရားသည် ဖြစ်စေ မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ ဦးဝာည်လာမှုတို့ ဖြစ်သည်။ အာဏာရှင်တိုင်းတွင် ထိုအစုအဝေးကြီး သုံးခု ပါဝင်နေသော်လည်း ပါဝင်သည့် အချိုးအစားခြင်းတော့ တူညီမှု မရှိကြဟု ဆိုသည်။

အချို့သော အာဏာရှင်များက ၎င်းတို့ မည်မျှ ကြီးမြတ်သည်၊ စွမ်းဆောင်နိုင်သည်ကို ပြလိုစိတ် ရှိသော်လည်း မင်းအောင်လှိုင်ကဲ့သို့ လူမျိုးက ထိုအရည်အသွေးမျိုး ပါမလာသဖြင့် မနာလို ဝန်တိုမှု၊ လက်စားချေလိုမှုများဘက် အားသန်သွားရခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အားလုံးသည် စိတ်ကစဉ့်ကလျား ဝေဒနာရှင်များချည်းသာ ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် moral judgment ခေါ် ဓမ္မနှင့် အဓမ္မ၊ သင့်လျော်၏ မလျော်၏ ဆိုသည်နှင့် တစုံတယောက်၏ စိတ်ခံစားမှု အဘယ်သို့ ရှိမည် ဆိုသည်ကို မည်သို့မျှ ပိုင်းခြားဆန်းစစ်နိုင်စွမ်း မရှိကြဘဲ ဖြစ်စေချင်သည် တခုတည်းကိုသာ မဖြစ်ဖြစ်အောင် လုပ်တတ်ကြသူများ ဖြစ်သည်။ ကြောက်ရလန့်ရ ကောင်းမှန်း သိသည့် စိတ်ခံစားမှုလည်း ပျောက်ဆုံးနေတတ်ကြသည်။

၎င်းတ‌ဦးတည်းချည်း မဟုတ်၊ ၎င်းနား ဝန်းရံနေသည့် inner circle ခေါ် အတွင်းလူများသည်လည်း ထိုနည်း နှင်နှင်ချည်းပင် ဖြစ်သည်။ အာဏာရှင်သည် ၎င်းတို့ကဲ့သို့ လူမျိုးများကိုသာ မျက်စိကျသည်၊ အလိုလိုနေရင်း အပါးတော်မြဲဖြစ်လာသည်၊ ချီးမြှင့်မြှောက်စားခံကြရသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်။

ထိုသို့သောလူမျိုးများနှင့် ငြိမ်းချမ်းရေးအတွက် ‌ဆွေးနွေးရမည်ဟု ရေရွတ်လာသူများသည် လက်ရှိ အနေအထားမှ ရုန်းထွက်လိုကြသဖြင့် ကြံရာမရ ဖြစ်လာသူများ၊ မွန်းကျပ်လာသူများက ကောက်ရိုးမျှင် တမျှင်ကို ဆွဲမိဆွဲရာ ဆွဲလာခြင်းပင် ဖြစ်သည်။

ပြည်သူများကို ၎င်းတို့ရှေ့ ဒူးထောက်မလာမချင်း အကြမ်းဖက်သွားမည်ဟု စိတ်ပိုင်းဖြတ် ထားသူများ နားလည်သည့် ဘာသာစကားသည် အင်အားသာ ဖြစ်သည်။

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024