
နိုင်ငံရေးအရှုပ်အထွေးတွေကို ဖြေရှင်းဖို့နဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ဖို့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ USDP မှာ ရှိနေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီရဲ့ မဲဆွယ်စည်းရုံး ပြောဆိုချက်အပေါ် အမျိုးသားညီညွတ်ရေးပါတီ (NUG) နဲ့ တိုင်းရင်းသားပါတီအချို့က ဝေဖန်လိုက် ပါတယ်။
နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကို ဖြေရှင်းဖို့၊ တိုင်းပြည် ပြန်လည် တည်ဆောက်ဖို့ စီမံချက်တွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ရှိနေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီရဲ့ တရားဝင်စာမျက်နှာကတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီလို့ အများကသိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းအဖြစ်ကနေ အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်တပ်ကနေ ပြောင်းလာတဲ့ အရာရှိတွေ အများအပြား ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။
အခုလို စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရဲ့ ပြောဆိုချက်က ဘာမှ ထူးထူးခြားခြား အပြောင်းအလဲဖြစ်လာမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝေဖန်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာ ရှင်းနေတာပဲလေ။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ပြည်သူ့အာဏာကို မတရားလုယူခဲ့လို့ အခုလိုအခြေအနေမျိုးတွေ ရောက်နေတာပေါ့။ အဲဒီတော့ ဒီအခြေအနေတွေကို အဆုံးသတ်ဖို့ ဆိုတာက မင်းအောင်လှိုင်နဲ့ အပေါင်းအပါတချို့ကို ဖမ်းဆီးပြီးတော့ ပြည်သူလူထုလက်ထဲ ပြည်သူ့အာဏာ ပြန်အပ်လိုက်တယ် ဆိုရင်တော့ ဒီအခြေအနေတွေ အားလုံးက ပြီးသွားမှာပေါ့နော်။ ဒီလိုအစီအမံမျိုး လုပ်ရဲလားပေါ့၊ ဒီလိုအစီအမံမျိုး မဟုတ်ရင်တော့ ဘာမှ ဖြစ်လာမှမဟုတ်ပါဘူး” လို့ ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲကသာ အဖြေဖြစ်ပြီး တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့နဲ့ လူငယ်တွေရဲ့ အနာဂတ် လှပစေဖို့ USDP က ကျွမ်းကျင်သူတွေနဲ့အတူ ခိုင်မာတဲ့ စီမံချက်တွေ ရှိတယ်လို့ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို စစ်တပ်နဲ့ အာဏာရှင် အပေါင်းအဖော်တွေကပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မယုံကြည်ရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကလည်း ဝေဖန်ပါတယ်။
ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “ကြံ့ခိုင်ရေးပါတီဆိုတာက စစ်တပ်က ယူနီဖောင်းလဲထားတဲ့ နိုင်ငံရေးပါတီသာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံဟာ ချွတ်ခြုံကျသွားပါတယ်။ နိုင်ငံရဲ့ ပြဿနာဟာ ဒီစစ်အာဏာရှင်တွေက သူတို့ရဲ့ နိုင်ငံရေးအာဏာကို မလွှတ်ချင်လို့ နိုင်ငံရေးထဲမှာ သူတို့တွေ ပါနေလို့ ကျနော်တို့နိုင်ငံဟာ အခုလို ချွတ်ခြုံကျနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အခု ကြံ့ခိုင်ရေးပါတီက တိုင်းပြည်ပြန်လည်တည်ဆာက်ဖို့အတွက် သူတို့မှာ ပုံဖော်ဖို့ နိုင်ငံရေး ရည်မှန်းချက်တွေရှိတယ်၊ စီမံချက်တွေ ရှိတယ်ဆိုတဲ့ဟာက ကျနော့်အနေနဲ့ပြောရရင် ရိုင်းသွားရင်လည်း ခွင့်လွှတ်ပါ၊ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေးပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးသမားတွေအပြင် လူထုကလည်း ဦးခင်ီရရဲ့ မဲဆွယ်စည်းရုံးနေတဲ့ မူရင်းပို့စ်အောက်မှာ မယုံကြည်နိုင်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
လက်ရှိ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ စစ်တပ်အရာရှိတွေကို ရာထူးတိုးပေးကာ အငြိမ်းစားနဲ့ အရပ်ဘက်ပို့ပြီး ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေတာမျိုးလည်း ရှိနေတာပါ။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုမှာ ကြံ့ခိုင်ရေးပါတီက ၁,၀၄၈ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစညက ၇၀၄ ယောက်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၆၇၆ ယောက်တို့ အပါအဝင် ပါတီ ၆ ခုက ပါတီဝင်တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ၊ တသီးပုဂ္ဂလ စုစုပေါင်း ၅,၀၂၃ ယောက် ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဝေဝေ