
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာရှင် အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ကိစ္စတွေ အဓိထားဆွေးနွေးခဲ့ကြတယ်လို့ NUG နဲ့ KNU တို့က စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့ တော်လှန်ရးအင်အားစုတွေအ ကြားပူးပေါင်းလက်တွဲ လုပ်ဆောင်သွားရမယ့် ကဏ္ဍတွေနဲ့ ပတ်သက်လို့ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြပြီး အာဏာရှင်မှန်သမျှ အမြစ်ဖြတ်တိုက်ဖျက်သွားမှာဖြစ်သလို လူထုတွေရဲ့ သာယာဝပြောမှုကို ဖော်ဆောင်ဖို့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားဖို့ကိုလည်း ခေါင်းဆောင် ၂ ယောက်စလုံးက သဘောတူခဲ့ကြတယ်လို့ သိရပါတယ်၊
တွေ့ဆုံမှုနဲ့ ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က " ကျနော်တို့ အဖွဲ့အစည်းနှစ်ခုစလုံးအနေနဲ့ အကြမ်းဖက် စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို မထောက်ခံဘူးဆိုတာနဲ့ နိုင်ငံတကာကလည်း ဝန်းရံမှုမပြုလုပ်ဖို့ တိုက်တွန်းစည်းရုံးတဲ့ ကိစ္စမှာ လက်တွဲဆောင်ရွက်သွားဖို့တွေပြောဆို သဘောတူညီခဲ့တာရှိပါတယ်ဗျ။ ဒါအပြင်ကိုမှ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ပိုမိုစည်းလုံးညီညွတ်စွာ လက်တွဲပြီးတော့ စစ်အာဏာရှင်လက်အောက်က အပြီးတိုက်လွတ်မြောက်ဖို့ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်ဟူသမျှ အဖြစ်ဖြတ်ချေမှုန်းဖို့ လွတ်လပ်မှု ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုကို ဖော်ဆောင်နိုင်ဖို့ ဆိုတဲ့အချက်တွေမှာ အတူတကွ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြတာရှိပါတယ်" လို့ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်မှာ စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး သိမ်းယူနိုင်ခဲ့တဲ့အပေါ် ဦးနေဘုန်းလတ်က "ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း KNU ခေါင်းဆောင်ကြီး ဖဒိုကွယ်ထူးဝင်းက အသိအမှတ်ပြု ဂုဏ်ယူတဲ့အကြောင်းပြောခဲ့တာရှိသလို ကျနော်တို့ သမ္မတကြီးဘက်ကနေလည်း နိုင်ငံတောင်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ ပူးပေါင်းပြီး အောင်ပွဲတွေရနေတာတွေနဲ့ တခြားနိုင်ငံတဝန်းမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ အားလုံးကိုလည်း ဒီခေါင်းဆောင်ကြီး ၂ ယောက်က ဂုဏ်ယူတဲ့အကြောင်း ပြောကြားခဲ့တာလည်း ရှိပါတယ်" လို့ ပြောပါတယ်၊
KNU အနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်ကူညီသူတွေကိုလည်း စောင့်ကြည့်အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။