
စစ်ကောင်စီကနေ အသွင်ပြောင်းထားတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန် ပါတယ်။
ဒီထုတ်ပြန်ချက်ကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၂၀၂၄ ခုနှစ်က NUG ရဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့တဲ့အတိုင်း အခုလက်ရှိ အသွင်ပြောင်းထားတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီ စစ်ကော်မရှင်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အားလုံးရဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ တရားဝင်မှု မရှိသလို သူတို့က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာချက်တွေဟာ တရားမဝင် ပျက်ပြယ်ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကော်မရှင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပေမဲ့ ဘယ်အချိန်မှာဘယ်လို အရေးယူသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။