
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို စစ်ကော်မရှင်က ရာသက်ပန် ပြန်လမ်းမဲ့ ဖျက်သိမ်း ပစ်လိုက်တာ သေချာသွားတဲ့ စက်တင်ဘာ ၁၁ ရက်မှာ NDF ဒုဥက္ကဋ္ဌ စန္ဒာမင်း တယောက် မီဒီယာပေါ်မှာ ငိုချင်းချတော့တယ်။
“ကျမ ဘာမှ ဆက်မလုပ်တော့ဘူး။ ကျမ တော်တော်စိတ်ဒဏ်ရာရတယ်။ ဘာမှဆက်မလုပ်တော့ဘူး” လို့ ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ စန္ဒာမင်းက အဲဒီလို ရင်ဘတ်စည်တီးပြတယ်။
ဩဂုတ် ၁၇ ရက်ကမှ NDF ဒုဥက္ကဋ္ဌရာထူး ရခဲ့တဲ့ စန္ဒာမင်း၊ စက်တင်ဘာ ၈ ရက် ညကပဲ NDF ပါတီထဲ ပါတီဝင်သူတွေ များပြားလွန်း၊ အမတ်လောင်းလျှောက်လွှာ လာတင်သူတွေ များပြားနေကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ကြွားလုံးထုတ်၊ ၂၄ နာရီမပြည့်ခင် စက်တင်ဘာ ၉ ရက် ညရောက်တော့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင်ဦးရေ ၅၀,၀၀၀ မပြည့်လို့ဆိုပြီး ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့တာဆိုတော့ ငိုမယ်ဆိုလည်း ငိုလောက်တဲ့ ရင်ထုမနာဇာတ်။
NDF ပါတီက ပါတီဝင်သတ်မှတ်လူဦးရေ မပြည့်လို့။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်) နဲ့ ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီတို့က ပါတီရုံးခန်းတွေ သတ်မှတ်အရေအတွက် မပြည့်မီလို့ဆိုပြီး ဖျက်သိမ်းခံရ။ ဖျက်သိမ်းခံ ၄ ပါတီထဲမှာ NDF၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသမီးပါတီ(မွန်) တို့က တနိုင်ငံလုံးအနှံ့ ဝင်ပြိုင်ကြမယ့်ပါတီတွေ။ တနိုင်ငံလုံး ဝင်ပြိုင်မယ်ဆိုတဲ့ပါတီ ၉ ပါတီသာ ရှိတဲ့အထဲ ၃ ပါတီ ဖျက်သိမ်းခံရပြန်တော့ ကျန်တော့တာ ၆ ပါတီသာ။
ဖျက်သိမ်းခံရတဲ့ ပါတီ ၃ ခုက ကြေညာချက်ထုတ်တဲ့အဆင့်ထိ မတွေ့ရပေမဲ့ နိုင်ငံရေးသွေးကြီးလွန်းလှတဲ့ NDF ပါတီကတော့ နောက်တရက် စက်တင်ဘာ ၁၀ ရက်မှာပဲ ကြေညာချက်ထုတ်တော့တယ်။ စက်တင်ဘာ ၇ ရက်မတိုင်မီ ပါတီဝင်ဦးရေ ၈၈,၈၂၀ ကျော် ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပေမဲ့ ကော်မရှင်က သတ်မှတ်ပါတီဝင်ဦးရေ (၅၀,၀၀၀) မပြည့်လို့ဆိုပြီး NDF ပါတီကို ဖျက်သိမ်း။ ဒါပေမဲ့ အခွင့်အရေးရှိခဲ့ပါက စစ်ကော်မရှင် ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဆိုတယ်။
NDF ပါတီ ကြေညာချက်က သတ်မှတ်ပါတီဝင် အင်အားထက် ၄၀,၀၀၀ နီးပါး အပိုတင်ထားတာတောင် ရွေးကောက်ပွဲကော်မရှင်က ဗြောင်ကလိမ်ကျပြီး ပါတီဖျက်သိမ်းပစ်လိုက်တဲ့ပုံမို့ NDF ပါတီဝင်တွေ နေပြည်တော်တက် မီးရှို့တော့မှာလားလို့ NDF ခေါင်းဆောင်တွေရဲ့ နောက်ဆက်တွဲ ပြောကြားချက်တွေကို ထပ်ကြည့်လိုက်တော့ အသနားခံစာ တင်ပါမယ်လို့ ဆိုရဲ့။
နေပြည်တော်မှာ မင်းအောင်လှိုင်က ကာလုံအကြံပေးအဖြစ် နိုင်ငံရေး လားပင်စင်ပေးထားတဲ့ NDF ပါတီ နာယကကြီး ခင်မောင်ဆွေ လမ်းကြောင်းကနေတဆင့် မင်းအောင်လှိုင်နဲ့ ရွေးကောက်ပွဲကော်မရှင်ဆီ အသနားခံစာ တင်လိုက်တယ်လို့ ဆိုတယ်။ အသနားခံစာတင်တာကို အားမနာတမ်း အဓိပ္ပာယ်ဖွင့်ဆိုရရင် ရွေးကောက်ပွဲဝင်ခွင့်ပြုပါရန် လက်အုပ်ချီကာ တောင်းပန်တိုးလျှိုးခြင်း။
အဲဒီလောက် တောင်းပန်တာတောင် ရွေးကောက်ပွဲကော်မရှင်က လက်မခံ။ ဥပဒေမဲ့ လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ပါတီဖျက်သိမ်းတာလို့ ဆိုတယ်။ NDF ပါတီက ပါတီဝင်အင်အား ၈၀,၀၀၀ ကျော် ပေးပို့ထားတယ် ဆိုပေမဲ့ ခြေလက်အင်္ဂါ မစုံလင်တဲ့ အချက်အလက်တွေနဲ့ လူထပ်နေတာတွေကြောင့် သတ်မှတ်ပါတီဝင်အင်အား မပြည့်တာဖြစ်ပြီး စစ်ဆေးထားတာတွေကို ကြည့်ချင်ရင် ကော်မရှင်ရုံးလာခဲ့လို့လည်း ဆိုတယ်။
NDF ဒုဥက္ကဋ္ဌ စန္ဒာမင်းက ပါတီဝင်အင်အား မပြည့်ဘူးဆိုရင် နောက်ဆုံး ဖိုင်နယ် ပါတီကို အကြောင်းကြားရမှာဖြစ်ပေမဲ့ ဘာမှအကြောင်းမကြားဘဲ တခါတည်း ပါတီဖျက်သိမ်းခဲ့တာလို့ မရဲတရဲလေး ပြောရှာတယ်။ ဟုတ်တော့ ဟုတ်တယ်။ ကိုယ့်အချင်းချင်း ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ တိုးတိုးတိတ်တိတ် ပြီးသွားရမယ့်ကိစ္စ ဘာ့ကြောင့်များ မပြောမဆိုနဲ့ နေတောင်မကွယ်သေး၊ တခါတည်း ဓားထုတ်ရှင်းပစ်လိုက်ရတာပါလဲ။
NDF ကို ပွဲသိမ်းပစ်လိုက်ပြီးမကြာ စက်တင်ဘာ ၁၁ ရက် ညကျတော့ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ အေးမောင် ရွေးကောက်ပွဲဝင်ခွင့်ရရေးအတွက် သူကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်အားလုံးကို မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပြုလိုက်တယ်။
အေးမောင်က ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုနဲ့ ထောင်အနှစ် ၂၀ ကျခံခဲ့ရသူ။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တာနဲ့ မင်းအောင်လှိုင်က အေးမောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်းဖြစ်လို့ လက်ကျန်ပြစ်ဒဏ်တွေ ကျန်ရှိနေတဲ့သဘော၊ ရွေးကောက်ပွဲဝင်ခွင့်မရှိ။ ဒါ့ကြောင့် မင်းအောင်လှိုင်က အေးမောင် ကျခံဖို့ကျန်နေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်လိုက်ရခြင်း ဖြစ်တယ်။
အဲဒီအတွက် အေးမောင် ပြန်လည်တုံ့ပြန်လိုက်ရတာက တို့တာဝန်အရေး ၃ ပါးကို အစဉ်စောင့်ထိန်းပါမယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ပါဝင်ပါမယ်ဆိုတဲ့ ကတိခံဝန်ချက်။ ထပ်ပြောရရင် စစ်အာဏာရှင်စနစ် အဓွန့်ရှည် တည်တံ့ရေးသည် အေးမောင်နိုင်ငံရေးဖြစ်ကြောင်း အများပြည်သူရှေ့မှောက် လူသိရှင်ကြား ခံဝန်ကတိပြုမှု။
ပြောရရင် စစ်ကော်မရှင်က သူတို့ရဲ့ နိုင်ငံရေးပလက်ဖောင်းပေါ် အလိုမရှိတော့တဲ့ NDF ပါတီကို ပြတ်ပြတ်သားသား မြေမြှုပ်ပစ်လိုက်ပြီး သူတို့အလိုရှိနေသေးတဲ့ အေးမောင်ကိုကျတော့ တကူးတက လွတ်ငြိမ်းချမ်းသာနဲ့ ပြောင်ပြောင်တင်းတင်း ဆွဲတင်လိုက်ခြင်းပါပဲ။
အေးမောင်ကို ဘာ့ကြောင့် တကူးတက လွတ်ငြိမ်းနဲ့ ဆွဲတင်လိုက်ရတာပါလဲ။ အေးမောင်ဟာ ရခိုင်နိုင်ငံရေးမှာ ထင်ရှားသူတယောက်ဖြစ်ပြီး စစ်အုပ်စုကို လှန်ထိုးစရာ ပြည်နယ်အဆင့် နိုင်ငံရေးပါဝါပင် မရှိတော့ခြင်းနဲ့ ရခိုင်အရေးမှာ ရုပ်ပြအဖြစ် အသုံးချနိုင်သေးခြင်းကြောင့်လို့ နားလည်မိပါတယ်။
NDF ပါတီကိုကျ ဘာ့ကြောင့် မြေမြှုပ်ပစ်ရပါသလဲ။ NDF ပါတီခေါင်းဆောင် ခင်မောင်ဆွေ ဆိုတာ ၂၀၂၀ ဩဂုတ်လအတွင်း မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ ရဲဆေးတင်ပေးခဲ့တဲ့ ၃၄ ပါတီထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ နှစ်ဆန်းပိုင်းအထိ နေရာပြန်ပေးခဲ့တဲ့အပေါ် ကျေးဇူးခံ ကျေးဇူးစား ကျေပြီလို့ စစ်ဗိုလ်ချုပ်တွေက သတ်မှတ်လိုက်ပုံပါ။
NDF ပါတီရဲ့ မူလအစဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း NLD ပြုတ် စန္ဒာမင်းတို့တသိုက် NDF ပါတီထဲ ထပ်မံအားဖြည့်လိုက်ခြင်းက စစ်အုပ်စုဝင်တွေရဲ့ကြား ခေါင်းလောင်းသံတွေ မြည်လာပုံရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ပြန်ကြည့်ရင် NDF ပါတီက အမတ်လောင်း ၁၅၀ ကျော် ဝင်ပြိုင်ရာမှာ ၁၆ နေရာသာ အနိုင်ရခဲ့ပေမဲ့ ပြည်ခိုင်ဖြိုးပါတီကသာ ကြိုတင်မဲနဲ့ မဲလိမ်မဲခိုး မလုပ်ခဲ့ရင် NDF အမတ်လောင်း ခပ်များများ အနိုင်ရခဲ့မယ်ဆိုတာ စစ်အုပ်စုဝင်တွေ ကောင်းကောင်းသိကြမှာပါ။ ပြီးတော့ NDF ခေါင်းဆောင်ပိုင်းကို အတန်အသင့် လူသိတဲ့ စန္ဒာမင်း ပါလာခြင်းနဲ့ တနိုင်ငံလုံးအနှံ့ ဝင်ပြုင်မယ့်ပါတီဖြစ်ခြင်းက NLD ပါတီ မပါတဲ့ ရွေးကောက်ပွဲမှာ NDF ဆိုတာ ပြည်ခိုင်ဖြိုးအတွက် အခက်တွေ့လာနိုင်ကြောင်း ခန့်မှန်းမိကြတယ်ထင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်က တရားမဝင်ရွေးကောက်ပွဲဝင်တဲ့ NDF ပါတီကို ပြည်သူတွေ မုန်းကြတာမှန်ပေမဲ့ NDF ထက်စာရင် ပြည်ခိုင်ဖြိုးကို ပြည်သူတွေ ကမ္ဘာမကြေ မုန်းနေတာ စစ်အုပ်စုဝင်တွေ ကောင်းကောင်းသိနေကြခြင်းပါပဲ။
ဒါ့အပြင် NDF ပါတီကို အနာဂတ်ကာလမှာ ဘယ်လောက်ထိ စိတ်ချယုံကြည်ရမလဲဆိုတဲ့ မေးခွန်းက ရှိနေပြန်ပါတယ်။ NDF ပါတီဝင်တွေဟာ နိုင်ငံရေးဦးကျိုးနေပေမဲ့ တချိန်က NLD ပါတီဝင် ဖြစ်ခဲ့တယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ မမေ့ကြရုံတင်မက သူတို့ရဲ့ပလက်ဖောင်းပေါ်မှာ NLD ပါတီမပြောနဲ့၊ NLD ပါတီရဲ့ အရိပ်အယောင်တွေတောင် အပါမခံနိုင်ဘူးလို့ လူသိရှင်ကြား ပြောကြားလိုက်တာလို့လည်း နားလည်ရပါတယ်။
ပြီးတော့ ဒီမိုကရေစီယောင်ယောင်၊ ပြည်သူ့ဘက်တော်သားယောင်ယောင်တွေ လာမလုပ်ဖို့ တခြားပါတီတွေကို ရာဇသံပေးပြီးသားလည်း ဖြစ်သွားပါတယ်။ သွေးညှီနံ့နံနေတဲ့ ကျားငစဉ်းလဲတွေရဲ့ ပါးစပ်ထဲမှာ ဒီမိုကရေစီဆိုတာ မရှိကြောင်း အကောင်းဆုံး သက်သေပြချက်ပါပဲ။