Home
ဆောင်းပါး
တောပုန်းကြီး ဦးကသေးဖိုးနှင့် ကျောက်တောင် နံရံကြီးအောက်က တဲကလေး
DVB
·
September 10, 2025

( ၁ )

ကျောက်ဖြာရွာထဲက ထွက်လာတော့ ကျနော်နှင့်အတူ တပ်ကြပ်ကြီးဖားတေး (အမှန်မှာ ထိုစဉ်က တပ်ကြီးဖားတေးမှာ ဗိုလ်ရာထူးရထားပြီးသူဖြစ်သည့်တိုင် တပ်ကြပ်ကြီးဟူ၍ပင် လူတွေက ခေါ်ကြပြောနေကြသေး၏။) နှင့် အသက် ၅၀ ခန့်အရွယ်လူတဦး ပါလာခဲ့၏။ 

လွန်ခဲ့သည့် နာရီဝက်ခန့်က ကျောက်ဖြာရွာထိပ်တွင် မိုင်းတလုံးပေါက်ကွဲခဲ့၏။ ကျနော်က ကျောက်ဖြာရွာသူကြီးနှင့်အတူ ဘုန်းတော်ကြီးကျောင်းထဲ ဝင်ပုန်းကြရသေး၏။ ပြီးတော့မှ တပ်ကြပ်ကြီးဖားတေးတို့နှင့် တွေ့ကာ သူကြီးက ရွာထိပ် မိုင်းကွဲသည့်နေရာဆီသို့ ထွက်လေသည်။ ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးက ရွာထဲမှ အလျင်အမြန်ထွက်ကြရလေသည်။

ကျနော်က ကိုယ်နှင့်မလှမ်းမကမ်းတွင် မိုင်ကွဲသည်ကို မကြုံဖူးသေးသဖြင့် ရင်တွေတုန်နေ၏။ ရွာလယ်မှထွက်ကာ ဆယ်မိနစ်ခန့် လျှောက်လာသည့်အချိန်အထိ အနည်းငယ် ရင်တုန်နေသေး၏။ 

ကျနော်တို့နှင့်အတူပါလာသော လူတယောက်မှာ အရပ်ပုပြီး လူကောင်ကလည်း တော်တော်သေး၏။ ခေါင်းတွင် ပုဆိုးတထည်ပတ်ထားသဖြင့် သူ့ခေါင်းမှာ ခန္ဓာကိုယ်ထက် ကြီးနေသယောင်ဖြစ်၏။

ရွာကအထွက်တွင် တပ်ကြပ်ကြီးဖားတေးနှင့် ထိုအရပ်ပုပုလူမှာ ကရင်လို စကားအနည်းငယ်ပြောပြီးနောက် တလမ်းလုံး စကားမပြောကြတော့။ ရှေ့မှ ဦးဆောင်လျှောက်လာနေသော လူကောင်သေးသေးပုဂ္ဂိုလ်မှာ  တခါတရံ လူသွားလမ်းမဟုတ်သည့် မြက်ရိုင်းများ ချုံများကြား တိုးဝင်ပြီးလျှောက်၏။ တခါတရံ လမ်းဆက်မလျှောက်ဘဲ ပတ်ဝန်းကျင်ကို ခေါင်းထောင်ပြီး နားစွင့်၏။ 

ကျနော်က သူတို့နှစ်ဦး၏အလယ်မှ အရိပ်အကဲကြည့်ပြီး လျှောက်လာခဲ့ရ၏။ ရွာနှင့် တော်တော်ဝေးသည်အထိ ဘာတခုမျှ ထူးထူးခြားခြား မတွေ့ရ။ ဗုံးပေါက်ပြီးနောက် ကျောက်ဖြာရွာထဲ ဘာတွေဖြစ်ကျန်နေခဲ့သည်ကို ကျနော်တို့မသိ။ ပြီးတော့ ကျနော်တို့ ဘယ်သွားနေကြတာလည်းဟူ၍လည်း ကျနော်မမေး။ ရှေ့ကသွားနေသူ၏နောက်မှသာ ဂရုတစိုက် လမ်းလျှောက်လိုက်ပါလာခဲ့၏။

“ဟော ရောက်ပြီဆရာကြီး” ရောက်ပြီဆိုလို့သာ ကြားလိုက်ရသော်လည်း သစ်ပင်ချုံနွယ်များသာ ကျနော်တွေ့ရ၏။ အမှတ်တမဲ့မော့ကြည့်တော့ မတ်စောက်မြင့်မားသော တောင်နံရံကြီးကို တွေ့ရ၏။

ထိုစဉ်မှာပင် ရှေ့ကလူသည် ချုံထဲသို့ တိုးဝင်၏။ သူ့နောက်ကကပ်ပြီး တိုးဝင်လိုက်သောအခါ ကျနော်တို့ရှေ့၌ ဖြစ်ကတတ်ဆန်း ဆောက်ထားသော တဲကလေးတလုံး တွေ့လိုက်ရလေသည်။ 

တဲကလေးထဲဝင်ကာ ကြမ်းခင်းပေါ် ထိုင်ကြ၏။ တဲမှာ လူသုံးယောက် ခတ်ကြပ်ကြပ်သာ ဆံ့၏။ တောင်နံရံဘက်တွင် အကာအရံမရှိ။ ခေါင်းရင်းဘက်နှင့် ခြေရင်းဘက်တွင် ဝါးများ ခပ်စိပ်စိပ် ကာထား၏။ မျက်နှာစာတွင် အကာမရှိ။ ကြမ်းခင်းမှာ ခါးလယ်မရှိတရှိ မြင့်၏။ ဝါးကြမ်းခင်းကမူ တောင့်တောင့်တင်းတင်းရှိ၏။

“ကဲ ဒါ ကျောက်ဖြာရွာက ဦးကသေးဖိုး၊ ဒါသူ့တဲပဲ၊ သူက ရွာမှာမနေဘူး ဒီမှာပဲနေတာ။”

ကျနော်က ဦးကသေးဖိုးကို ပြုံးပြလိုက်သည်။ ကျနော့်စိတ်က ကျောက်ဖြာရွာဆီပဲ ရောက်နေသေးသည်‌ေ

“ခဏနေရင် ဦးကသေးဖိုး ရွာပြန်ပြီး ထမင်းထုပ်ယူမယ်၊ သူပြန်လာမှပဲ အကြောင်းစုံသိရမှာပဲ ဆရာကြီး၊ ကျနော်တို့ ဒီတဲမှာ နှစ်ညအိပ်မယ်၊ လုံခြုံရေးအတွက် စိတ်မပူနဲ့ သည်တဲကို ဘယ်သူမှမသိဘူးဆရာကြီး။” 

နာရီဝက်ခန့်ရှိသောအခါ တဲရှင်ဖြစ်သူ ဦးကသေးဖိုး ကျောက်ဖြာရွာကို ပြန်သွား၏။ သူပြန်လာလျင် ထမင်းထုပ်ရော သတင်းတွေပါ ပါလာမည်ဖြစ်သည်။

( ၂ )

မနက်ခင်း ဆယ်နာရီခန့်က ဖာပွန်မှပြန်ဆင်းလာသော နဝတ စစ်ကားတန်း ကျောက်ဖြာရွာထဲအဖြတ် ရွာထိပ်တွင် မိုင်းတလုံးကွဲ၏။ ကားရှေ့ခန်း ပျက်စီး၊ ကားဒရိုင်ဘာစစ်သား ခြေထောက်တဖက် ဒဏ်ရာရ။ ကားကြုံစီးလာသော ရဟန်းတပါး ပျံလွန်တော်မူလေသည်။ 

ရွာထိပ်တွင် မိုင်းကွဲသည့်တိုင် နဝတစစ်သားများက ရွာကိုဒုက္ခမပေး။ မိုင်းကွဲသည့်အချိန် သေနတ်သံ သုံးလေးချက်သာ ကြားလိုက်ရ၏။ ထို့ကြောင့် တပ်ကြပ်ကြီး ဖားတေးနှင့် ဦးကသေးဖိုး တို့အံ့ဩနေ၏။ အမှန်တကယ်ဆိုလျှင် ရွာထိပ်တွင်ပင် မိုင်းကွဲသဖြင့် နဝတစစ်သားများက ရွာကို ချက်ချင်းဒုက္ခပေးမည်သာဖြစ်သည်။ သို့သော် ရွာကိုဒုက္ခမပေး။ 

ထို့ပြင် ရွာထိပ်တွင် ပေါက်ကွဲသော မိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်မှ ခွဲသော ကားမိုင်းမဟုတ်ဟု ဦးကသေးဖိုးက အခိုင်အမာပြောနေ၏။ ရွာထိပ် မပြောနှင့်၊ ရွာအနီးအနားဆိုလျှင်ပင် KNU က မိုင်းလုံးဝ မထောင်။ အဘယ်ကြောင့်ဆိုသော် မိုင်းကွဲသည့်နေရာနှင့် အနီးဆုံးရွာဆိုလျှင် ရန်သူ နဝတစစ်သားများက အကြီးအကျယ် ဒုက္ခပေးလေ့ရှိသည့်အတွက် KNU က ရွာနှင့်နီးသည့်နေရာများတွင် မိုင်းမထောင်သည်မှာ ကြာပြီဖြစ်သည်။ ယခုတော့ ရွာထိပ်တွင်ပင် ကားမိုင်းကွဲခဲ့၏။ 

ဦးကသေး၏စကားမှာ အမှန်ဖြစ်သည်ဟု တပ်ကြပ်ကြီးဖားတေးက ယူဆ၏။ ဦးကသေးဖိုးသည် သည်နယ်တဝိုက်တွင် KNU ၏ တဦးတည်းသော မိုင်းထောင်ဝိဇ္ဇာ ဖြစ်သည်။ သူသည် သုံးနှစ်အတွင်း စစ်ကား ၁၀ စီးအထိ အောင်မြင်စွာ မိုင်းခွဲဖျက်ဆီးနိုင်ခဲ့၏။ ထို့ကြောင့် တော်လှန်ရေးဌာနချုပ် မာနယ်ပလောသို့ သွားရောက်ခဲ့ရပြီး ဗိုလ်ချုပ်ကြီးစောဘိုမြ ချီးမြှင့်‌သော ဂုဏ်ထူးဆောင်ဆု ရယူထားသူ ဖြစ်သည်။ သူကလွဲ သည်နယ်တဝိုက်တွင် မိုင်းထောင်တတ်သူ တဦးမျှ မရှိ။ ထို့ပြင် ဦးကသေးဖိုးသည် ကျောက်ဖြာရွာသား ဖြစ်သည်။ သူ့ရွာကို သူကိုယ်တိုင် မိုင်းထောင်ကာ ဒုက္ခပေးမည့်သူမဟုတ်ဟု ပြော၏။ ထိုအခါ ကျောက်ဖြာရွာထိပ်တွင် မည်သူက မိုင်းထောင်ခဲ့သနည်း။ မည်သူမျှ မစဉ်းစားတတ်အောင် ဖြစ်ကြရ၏။ မည်သည့်ရွာသားမျှ အဖမ်းမခံရသေး။ အိမ်တလုံးမျှ မီးရှို့မခံရသေးသည့်အတွက်မူ အနည်းငယ်စိတ်အေးကြရ၏

သုံးယောက်သား ထမင်းထုပ် ဖြေစားရင်း ဦးကသေးဖိုးအကြောင်း တစွန်းတစ ကျနော် သိလိုက်ရ၏။ ဦးကသေးဖိုးမှာ လူကောင်သေးပြီး သန်မာကျစ်လျစ်သဖြင့် ဦးကသေးဖိုးဟု ကရင်လိုခေါ်ကြ၏။ မြန်မာလို “မြင်းပုလေး”ဟု အဓိပ္ပာယ်ရလေသည်။ သူ့ကို ရန်သူက အသေရရ အရှင်ရရ လိုချင်၏။ ထို့ကြောင့် ရွာထဲတွင် မနေဘဲ တောထဲတွင် တဦးတည်း လာနေခြင်းဖြစ်သည်။ သူ့တဲကို မည်သူမျှ မရောက်ဖူးကြပါ။ ယုတ်စွအဆုံး သူ့မိန်းမကိုပင်လျှင် တဲအထိ အလာမခံ။ ကျနော်နှင့် တပ်ကြပ်ကြီးဖားတေးကိုမူ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်းက လှမ်းပြောထားဖြင့် တဲအထိ ခေါ်လာခြင်း ဖြစ်သည်။

ကျနော်ကမူ DVB အတွက် သတင်းရယူရန် ကျောက်ဖြာရွာထဲရောက်နေချိန် ရွာထိပ်တွင် မိုင်းကွဲသံ ကြားရ၏။ ကျနော့်ကို ကူညီပေးနေသော ကျောက်ဖြာရွာသူကြီးမှာ နောက်ပိုင်းတွင် ပျာယာခတ်နေခဲ့မည်ကို ကျနော်သိသည်။ (ကြားညှပ်ပြီး ပြောရလျှင် ဤအဖြစ်အပျက် ဖြစ်ပွားစဉ်က ဖာပွန်မှ ဆင်းလာသော စစ်ကားတန်း၏ ကားတစင်းပေါ်တွင် နဝတ စစ်တပ် ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းဝေဦး လိုက်ပါလာသည်ကို နောင်မှ ကျနော် သိရ၏။ သူက နောင်အခါ သူကိုယ်တိုင်ရေးသည့် စစ်သားဘဝမှတ်တမ်းများစာအုပ်တွင် ထိုအကြောင်းကို ထည့်ရေးထား၏။ ကျနော်က ထိုစာအုပ်ကို ဖတ်သည့်အခါကျမှ စစ်ကားတန်းတွင် သူ ပါလာသည်ကို သိရခြင်း ဖြစ်သည်။)

ညရောက်လာတော့ တဲကလေးပေါ်တွင် ကျနော်နှင့် ဦးကသေးဖိုး တို့နှစ်ယောက်သာ အိပ်၏။ တပ်ကြပ်ကြီးဖားတေးက အိုက်သည်ဟုဆိုတာ သင့်တော်ရာသစ်ပင်များကြား ပုခက်ဆွဲပြီး သွားအိပ်၏။

ထိုညက ကျနော့်မှာ တော်တော်နှင့်အိပ်မပျော်။ ညနေခင်းကကြားရသည့် ပုရစ်သံများ တိတ်သွားသောအခါ တဲကလေးမှာ တောကြီးမျက်မည်းထဲ ပျောက်နေခဲ့၏။ ဆယ်နာရီခန့်ရှိတော့ လရောင်များ အားကောင်းလာခဲ့သည်။ ကျနော်က တဲခေါင်းရင်းဘက် ကွက်လပ်ပေါ် သွားရပ်သည်။ လရောင်များကို မော့ကြည့်သည်။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်း တနေရာဆီမှ ချေဟောက်သံ ကြားလိုက်ရ၏။ တစ်တီတူးမြည်သံ ကြားရ၏။ ဇီးကွက်တကောင် တဲကလေးပေါ် ဖြတ်ပျံရင်း တချက် နှစ်ချက် အော်သွားခဲ့၏။

ယခုအကြိမ်ပါနှင့်ဆိုလျှင် တောကြီးမျက်မည်းထဲ တဲတလုံးပေါ် ဒုတိယမ္ပိ  အိပ်ဖူးခြင်း ဖြစ်သည်။ ပထမအကြိမ်မှာ တပ်မဟာ ၁ နယ်မြေသို့ ဆင်းလာစဉ် မဲပလိရွာ ရန်သူလာသည်ဟု ဆိုကာ တရွာလုံး ထွက်ပြေးကြစဉ်က ဖြစ်သည်။ ထိုစဉ်က နယ်မြေ KNU စည်းရုံးရေးမှူး “စောချောအို့အိုး” က သူ ပုန်းအောင်းနေကျ တဲတလုံးဆီ ခေါ်သွားရင်း ထိုတဲပေါ်တွင် ပထမအကြိမ် အိပ်ခဲ့ဖူး၏။ 

ချေဟောက်သံ ကြားလိုက်ရတော့ တဲနှင့် သိပ်မဝေးသော အနိမ့်ပိုင်းတနေရာတွင် ဒုံသမိချောင်း ရှိသည်ဟူသော ဦးကသေးဖိုး၏ စကားကို သတိရသွား၏။ ချောင်းအတွင်း ရေသောက်ဆင်းသည့် ချေတကောင်၏ အော်သံကို ကျနော် ကြားခဲ့ရခြင်း ဖြစ်ပေမည်။

( ဂ )

တညအိပ်ပြီး နောက်နေ့တွင် သတင်းတချို့ ကြားရ၏။ ကျောက်ဖြာရွာသူကြီးကို ရန်သူက ခေါ်ယူ ကြိမ်းမောင်းသည့်အကြောင်း ကြားရ၏။ မိုင်းကွဲစဉ်က ပျံလွန်တော်မူသည့် ရဟန်းတော်၏ ရုပ်အလောင်းကို ဘောသပြုရွာက လာသယ်သွားသည်ဟု သိရ၏။ 

ရွာထိပ်တွင် မိုင်းကွဲခြင်းမှာ မကြာခင် ရက်ပိုင်းအတွင်း နောက်တန်းပြန်ရမည့် စစ်တပ်က မိုင်းထောင်ထားခြင်း ဖြစ်နိုင်ကြောင်း တပ်မဟာမှူးဆီမှ ယူဆချက်စကား ကြားလာရ၏။ (ထိုယူဆချက်မှာ မှန်ကန်နိုင်၏။ မိုင်းကွဲပြီး နှစ်ရက်အကြာတွင်း ကားမိုင်းဖိုးတောင်းသည့်စာများ အနီးအနားရွာတွေဆီ စစ်တပ်မှ စာတွေပို့ခဲ့၏။ စာပို့သောတပ်မှာ နောက်တန်းပြန်ရကာနီး ကိုယ့်တပ်ကို မိုင်းပြန်ထောင်ကာ KNU မှ မိုင်းထောင်သည်ဟု အကြောင်းပြ၍ စီးပွားရှာခြင်း ဖြစ်ကြောင်း သိလာရတော့၏။)

ဒုတိယနေ့တွင် တပ်ကြပ်ကြီးဖားတေးနှင့် ဦးကသေးဖိုးတို့က ဒုံသမိချောင်းအတွင်း ဆင်းငုပ်ပြီး ကျောက်ပုစွန်ကြီး အကောင်သုံးဆယ်မျှ ရလာကြ၏။ ချောင်းဘေး ကင်ပွန်းချဉ်ရွက်များ ခူးကာ တဲနှင့်မလှမ်းမကမ်း ဝှက်ထားသော အိုးတလုံးနှင့် ချက်၏။ ဆားမှလွဲ၍ တခြားအဆာပလာ တခုမှမပါသော်လည်း ကျောက်ပုစွန်အချဉ်ဟင်းမှာ အင်မတန်ကောင်း၏။ ထိုနေ့က ကျနော်တို့သုံးယောက်စလုံး ထမင်းတနပ်သာ စားကြ၏။

ဒုတိယ ညတွင်မူ သုံး‌ယောက်စလုံး တော်တော်နှင့်မအိပ်ကြဘဲ စကားထိုင်ပြောကြ၏။ ထိုညက ကျနော်ပြောပြသည့် မာနယ်ပလောအကြောင်းကို သူတို့နှစ်ဦးစလုံး စိတ်ဝင်တစား နားထောင်ခဲ့ကြ၏။

( ဃ )

ဒုံသမိချောင်းတဖက်ကမ်း ကျနော့်ကိုလာခေါ်သော ဆက်သားမှာ တောစပ်အထိဆင်းပြီးကြို၏။ ကျနော်က ထိုဆက်သားနှင့်အတူ ယွန်းစလင်းချောင်းဆီ ခရီးဆက်ရဦးမည်ဖြစ်သည်။ ကျနော်က သူတို့နှစ်ယောက်ကို နှုတ်ဆက်ရန် နောက်ကိုပြန်လှည့်ကြည့်တော့ တပ်ကြပ်ကြီးဖားတေးနှင့် ဦးကသေးဖိုးက နှစ်ယောက်သားယှဉ်ရပ်ရင်း ကျနော့်ကို ပြန်ကြည့်နေကြ၏။ သူတို့ကို ကျန်းမာရေး လုံခြုံရေး ဂရုစိုက်ကြပါဟု ကျနော်ပြောရင်း လာခေါ်သည့်ဆက်သားနောက်မှ လိုက်လာခဲ့ရ၏။ တောစပ်သို့အဝင် နောက်ကိုပြန်ကြည့်တော့ သူတို့နှစ်ယောက်စလုံး ကျနော့်ကို ရပ်ပြီးကြည့်နေကြသေး၏။

ထိုစဉ်မှာပင် ညတုန်းက တဲပေါ်ထိုင်ရင်း တပ်ကြပ်ကြီးဖားတေး ပြောခဲ့သောစကား ကျနော်ကြားနေမိလေသည်။

“ဒီစစ်ကြီး ဘယ်တုန်းကစတယ်ဆိုတာ ငါမသိ၊ ဘယ်တော့ဆုံးမယ်ဆိုတာလည်း ငါမသိဘူး ဆရာကြီး။”

ငြိမ်းဝေ

(သည်အဖြစ်အပျက်မှာ ၁၉၉၄ ခု၊ DVB သတင်းထောက်ဘဝနှင့် တပ်မဟာ ၁ နယ်မြေသို့ သတင်းယူရင်း ကြုံခဲ့သည့်အတွေ့အကြုံ ဖြစ်ပါသည်။ ယခုအခါ တပ်ကြပ်ကြီးဖားတေးနှင့် ဦးကသေးဖိုးတို့သည်လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်ပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024