Home
မြန်မာသတင်း
မြန်မာနိုင်ငံတော်သစ်တည်ဆောက်ခြင်း ဆွေးနွေးပွဲ နယူးယောက်တွင် ကျင်းပ
DVB
·
October 3, 2025

မြန်မာနိုင်ငံတော်သစ်တည်ဆောက်ခြင်း၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒေသစံတော်ချိန် အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ UN Church Center မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ Quaker UN ရုံးတို့ ပူးပေါင်းကျင်းပခဲ့ပါတယ်။

“Building the New Myanmar: Democracy, Justice, and Peace for the People of Myanmar” ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အရပ်ဘက်အသိုက်အဝန်း ကိုယ်စားလှယ် Z Nang Raw လည်း ပါဝင်ဆွေးနွေးခဲ့ပြီး Quaker UN ရုံး ဒါရိုက်တာ ဆာရာကလပ်ခ် က Moderator အဖြစ် ပါဝင်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေပါ မချန် စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပြည်သူတွေရဲ့ လူသားစာနာ အကူအညီလိုအပ်မှု အခြေအနေတွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာလမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုရေးနဲ့ တရားဝင်ကန့်ကွက်ကြောင်း အစိုးရအသီးသီးက ထုတ်ပြန်ပေးဖို့ NUG နဲ့ အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေက တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013