
အင်ဒိုနီးရှားနိုင်ငံ၊ ရီယောင်ကျွန်းစုပြည်နယ်မှာ ရေနံတင်သင်္ဘောတစင်း ပြုပြင်နေချိန် အောက်တိုဘာ ၁၅ ရက် အစောပိုင်းမှာ မီးလောင်ခဲ့လို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
စင်ကာပူကနေ ၁၂ မိုင်ခွဲလောက် ကွာဝေးတဲ့ ဘာတမ်မြို့က သင်္ဘောကျင်းတခုမှာ အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီလောက်မှာ သင်္ဘောမီးလောင်မှု ဖြစ်ခဲ့တာပါ။
MT ဖက်ဒရယ်တူး သင်္ဘောဟာ ဆိုက်ကပ်ပြီး မီးလောင်သွားချိန်မှာ ပြုပြင်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး သင်္ဘောမှာ ဆီတင်ဆောင်ထားတာမရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒဏ်ရာရသူ ၁၈ ယောက် အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ထားပြီး ဆေးရုံအများအပြားက အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ ရီယောင်ကျွန်းစုရဲမှူး အာဆက်ပ် ဆာဖရဒ်ဒင်က ဒေသန္တရဆေးရုံမှာ အသက်ရှင်ကျန်ရစ်သူတွေကို သွားကြည့်အပြီး သတင်းထောက်တွေကို ပြောပါတယ်။
ဒီသင်္ဘောကို ဘယ်သူပိုင်တယ်ဆိုတာ မသိရသေးပါဘူး။ ဇွန်လတုန်းကလည်း ဘာတမ်မှာ ပြုပြင်နေတုန်း ရေယာဉ်တစင်း မီးလောင်ခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်မြေခံရဲတွေက စံဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်တယ်လို့ သံသယရှိသူ ၂ ယောက်ကို အရေးယူထားပါတယ်။
Source: Reuters




