
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်ရှိ အယ်လ်ခိုဇီနီအစ္စလာမ္မစ်ဘော်ဒါဆောင်ကျောင်း ပြိုကျမှုမှာ အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ လူပေါင်း ၆၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရယူခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်မှာ အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေမှုကို အပြီးသတ်လိုက်ပြီလို့ သဘာဝဘေးအန္တရာယ် အာဏာပိုင်တွေက ပြောပါတယ်။
အယ်လ်ခိုဇီနီကျောင်းရဲ့ အုတ်မြစ်ချမှုအပိုင်းမှာ ချို့ယွင်းမှုတွေ ရှိခဲ့တာကြောင့် အဆောက်အအုံပြိုကျချိန်မှာ နေ့ခင်းဝတ်ပြုနေတဲ့ ဆယ်ကျော်သက် ယောကျ်ားလေး အများစု အပါအဝင် လူပေါင်းရာချီ အဆောက်အုံထဲမှာ ပိတ်မိနစ်မြုပ်ကာ သေဆုံးသွားခဲ့ရပြီး အများစုက လွတ်မြောက်ခဲ့ပါတယ်။
အဆောက်အအုံအတွင်း လူပေါင်း ၆၁ ယောက်ရဲ့ ရုပ်အလောင်းတွေအပြင် ခန္ဓာကိုယ်အစိတ်အပိုင်း ၇ ခုတို့ကို ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ ရဲတွေက ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း သဘာဝဘေးလျော့ပါးရေး အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အခုနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်တဲ့ ဘေးအန္တရာယ်တခုအတွင်း ရှာဖွေရေးကြိုးပမ်းမှုကို ရပ်တန့်ခဲ့ပါတယ်။
အစိုးရဟာ အယ်လ်ခိုဇီနီ စာသင်ကျောင်းအပြင် တခြားပုဂ္ဂလိကပိုင် အစ္စလာမ် ဘော်ဒါကျောင်းတွေကိုလည်း အဆောက်အအုံ ပိုင်းဆိုင်ရာ ချို့ယွင်းမှုအန္တရာယ်တွေကို စစ်ဆေးသွားမယ်လို့ အင်ဒိုနီးရှား လူမှုစွမ်းဆောင်ရည်ဝန်ကြီး မူဟိုင်မင်အစ်စကန်ဒါက ပြောပါတယ်။
အယ်လ်ခိုဇီနီကျောင်းဟာ ပေစန်တရန်လို့ လူသိများတဲ့ တနိုင်ငံလုံးရှိ အင်ဒိုနီးရှားရိုးရာ အစ္စလာမ့် ဘော်ဒါကျောင်းပေါင်း ၄၂,၀၀၀ ကျော် ထဲက တကျောင်းဖြစ်ပြီး အဲဒီကျောင်းတွေထဲမှာ ကျောင်းပေါင်း ၅၀ သာ ဆောက်လုပ်ခွင့်ပါမစ်ရှိနေတယ်လို့ ပြည်သူ့အလုပ်အကိုင်များ ၀န်ကြီးဌာနက ပြောကြား ပါတယ်။
အယ်လ်ခိုဇီနီကျောင်းမှာ ပါမစ် ရှိ၊ မရှိ သို့မဟုတ် ကျောင်းအာဏာပိုင်တွေဆီ အကြောင်းကြားထားခြင်း ရှိ၊ မရှိ ကို ရိုက်တာအနေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။
ဒီကျောင်းမှာ အဲဒါတော့ မရှိဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က ဆီဒိုအာဂျို မြို့အကြီးအကဲ ဆူဘန်ဒီ ပြောကြားခဲ့တာကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Source: Reuters


