
အင်ဒိုနီးရှား ပင်လယ်စာကုမ္ပဏီတခုရဲ့ ကုန်ပစ္စည်းတွေမှာ ရေဒီယိုသတ္တိကြွဓာတ် ညစ်ညမ်းမှုရှိကြောင်း တွေ့ရှိခဲ့ပြီးနောက်မှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဟာ အင်ဒိုနီးရှားမှ ပုစွန်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအတွက် တင်သွင်းမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် လိုအပ်ချက်အသစ်ကို အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်ကစတင်ပြီး အင်ဒိုနီးရှားနိုင်ငံရှိ တချို့ဒေသတွေအတွက် သွင်းကုန် ထောက်ခံချက် လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ FDA က ပြောကြားခဲ့ပါတယ်။
အသိအမှတ်ပြုလက်မှတ်အရ စီဇီယမ်-၁၃၇ ညစ်ညမ်းမှုဆိုင်ရာ အထောက်အထားတွေပါရှိတဲ့ အန္တရာယ်အဆင့် သတိပေးစာရင်းထဲရှိ ကုမ္ပဏီတွေဟာ ရေဒီယိုသတ္တိကြွဒြပ်စင်ရဲ့ ထိန်းချုပ်မှုကို စစ်ဆေးနိုင်ဖို့အတွက် အသိအမှတ်ပြု တတိယအဖွဲ့အစည်း တခုခုရဲ့ စိစစ်အတည်ပြုမှုကို ရယူဖို့ လိုအပ်ပါတယ်။
FDA ရဲ့ ၀ဘ်ဆိုက်မှာတော့ စီဇီယမ်-၁၃၇ ဟာ ချနိုးဘလ်နဲ့ ဖူကူရှီးမားတို့လို နျူကလီးယားစမ်းသပ်မှု သို့မဟုတ် မတော်တဆမှုရဲ့ ရလဒ်အဖြစ် ပတ်ဝန်းကျင်မှာ အဓိကအားဖြင့်ရှိနေတဲ့ ရေဒီယို နူကလိုဒ်တခုလို့ ဆိုပါတယ်။
အင်ဒိုနီးရှား ပင်လယ်စာကုမ္ပဏီ ပီတီဘဟာရီမာ့ခ်မူရ်ဆယ်ဂျာတီက အေးခဲပုစွန်ထုတ်ကုန်တွေမှာ စီဇီယမ်-၁၃၇ ညစ်ညမ်းမှု ရှိနေတာကို တွေ့ရှိခဲ့ရပြီးနောက် ဩဂုတ်လမှာ FDA ဟာ အမေရိကန်ရှိ စားသုံးသူတွေ၊ ဖြန့်ဖြူးသူတွေနဲ့ ရောင်းချသူတွေကို အဲဒီကုမ္ပဏီရဲ့ အေးခဲပုစွန်ထုတ်ကုန်တွေကို စားသုံးခြင်း၊ ရောင်းချခြင်း၊ ကျွေးခြင်းမပြုကြဖို့ အကြံပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


