
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတပရာဘိုဝိုဆူဘီယန်တိုရဲ့ အခမဲ့ ကျောင်းနေ့လယ်စာ အစီအစဉ်ကနေ ထောင်နဲ့ချီတဲ့ ကျောင်းသားကလေးငယ်တွေအကြား အစာအဆိပ်သင့်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတာဟာ ကြီးကြပ်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့ အဲဒီအစီအစဉ်ကို တာဝန်ယူထားတဲ့ အစိုးရရဲ့ အာဟာရအေဂျင်စီက ပြောပါတယ်။
ဇန်န၀ါရီလမှာ စတင်ခဲ့တဲ့ အခမဲ့ ကျောင်းနေ့လယ်စာ အစီအစဉ်အတွင်း အခုသီတင်းပတ်မှာ အနောက်ဂျာဗားပြည်နယ်က ကလေး ၁,၀၀၀ ကျော် အပါအဝင် လူပေါင်း ၆,၀၀၀ နီးပါး နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း အစိုးရအချက်အလက်တွေမှာ ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားအစိုးရ အာဟာရအေဂျင်စီရဲ့ လက်ထောက်အကြီးအကဲ နာနစ်ခ်ဒေယန်းကတော့ လတ်တလော ဖြစ်ရပ်တွေအတွက် တောင်းပန်စကား ပြောကြားခဲ့ပြီး အတွေ့အကြုံ မရှိခြင်း တွေကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားရတယ်လို့ ဆိုပါတယ်။
အခမဲ့ နေ့လယ်စာကို စားသောက်ပြီး ပြဿနာ ဖြစ်ခဲ့ရတဲ့ ကလေးတွေနဲ့ သူတို့မိဘတွေအတွက်ပါ အစိုးရမှာ တာဝန်ရှိပြီး ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပါကြောင်းလည်း ပြောဆိုပါတယ်။
အဆိပ်သင့်တယ်လို့ သံသယရှိသူအားလုံးဟာ ဓာတ်မတည့်မှုတွေနဲ့ တခြားအကြောင်းရင်းတွေ ကြောင့် မဟုတ်ဘူးဆိုတာကို တွေ့ရှိထားကြောင်းလည်း ဆိုပါတယ်။
ချက်ပြုတ်ချိန် တသမတ်တည်း မဖြစ်နေတာကလည်း အဆိပ်သင့်စေတတ်ပြီး အေဂျင်စီအနေနဲ့ ကြီးကြပ် ကွပ်ကဲမှု တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း နာနစ်ခ် ဒေယန်းက ပြောဆိုပါတယ်။
ဒေသထွက်ကုန်တွေကိုပဲ အသုံးပြုသွားမှာဖြစ်ပြီး ဖြန့်ဖြူးမှုနဲ့ ထုပ်ပိုးမှု လွယ်ကူစေဖို့ ဒေသခံအမျိုးသမီးတွေရဲ့ လက်လုပ်မုန့်တွေကို လက်ခံမှာဖြစ်ကြောင်းနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေကို နေ့လယ်စာထဲမှာ ထည့်သွင်းခွင့်မရှိပဲ တားမြစ်ထားပြီး သင့်လျော်တဲ့ ကျန်းမာရေးထောက်ခံချက်မရရှိတဲ့ မီးဖိုချောင်တွေကိုလည်း လာမယ့်လမှာ ပိတ်ပစ်မယ်လို့ ဆိုပါတယ်။
ဒီနေ့လယ်အချိန်ထိကို စံသတ်မှတ် လုပ်ငန်းလည်ပတ်မှုအဆင့်တွေကို လိုက်နာအကောင်အထည် ဖော်ဖို့ ပျက်ကွက်လို့ အစားအစာဘေးကင်းရေး ဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တဲ့ ချက်ပြုတ်ရေးဌာန ၄၅ ခုကို မှတ်တမ်းတင်ထားကြောင်းလည်း နာနစ်ခ် ဒေယန်းက ပြောပါတယ်။
တလအတွင်းမှာ တကိုယ်ရေသန့်ရှင်းမှုနဲ့ သန့်စင်မှု ဆိုင်ရာလက်မှတ်၊ ဟာလာလ် လက်မှတ်နဲ့ ရေသုံးစွဲမှုလက်မှတ်တို့ကို ရယူဖို့ ပျက်ကွက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပိတ်သိမ်းမယ် လို့လည်း ဆိုပါတယ်။
အင်ဒိုနီးရှားမှာ အခမဲ့ အစားအသောက်အစီအစဉ်ကို လူပေါင်း သန်း ၂၀ ကျော်အထိ လက်ခံရယူနိုင်ဖို့ မြန်မြန်ဆန်ဆန် ချဲ့ထွင်နေပြီး အခုနှစ်ကုန်မှာ လူပေါင်း ၈၃ သန်းကို ကျွေးမွေးနိုင်ဖို့လည်း ရည်မှန်းချက်ကြီး ချထားတာ ဖြစ်ပါတယ်။
Source: Reuters


