Home
နိုင်ငံတကာ
အင်ဒိုနီးရှား၌ အခမဲ့ကျောင်းနေ့လယ်စာစားမိပြီး ကျောင်းသား ၁,၀၀၀ ကျော် အစာအဆိပ်သင့်
DVB
·
September 27, 2025
Photo :Reuters

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားဒေသမှာ ဒီသီတင်းပတ်အတွင်း ကလေး ၁,၀၀၀ ကျော်ဟာ အခမဲ့ ကျောင်း နေ့လည်စာကနေ အစာအဆိပ်သင့်မှု ခံစားခဲ့ရပြီး ဒါဟာ ဆက်တိုက်ဖြစ်ပွားနေတဲ့ အစာအဆိပ်သင့်မှုရဲ့ နောက်ဆုံးဖြစ်ရပ် ဖြစ်တဲ့အပြင် သမ္မတရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံထားတဲ့ အခမဲ့ အစားအသောက်အစီအစဉ်အတွက် နောက်ထပ် ဆုတ်ယုတ်မှုတရပ်လည်း ဖြစ်ပါတယ်။

အရေးပေါ်ကုသရေးဌာနအဖြစ် ပြောင်းလဲထားတဲ့ အားကစားခန်းမတခုထဲမှာ စက်တင်ဘာ ၂၅ ရက်က လူနာ ဒါဇင်ပေါင်းများစွာဟာ ယာယီကုတင်တွေပေါ်မှာ လဲလျောင်းနေကြပါတယ်။

သူတို့ဟာ ဂျကာတာမြို့တော်မှ ကီလိုမီတာ ၁၅၀ လောက်အကွာရှိ ရွာငယ်လေးမှဖြစ်ပြီး အစာအဆိပ်သင့်မှုကြောင့် စက်တင်ဘာ ၂၂ ရက်မှာ လာရောက် ကုသမှုခံယူခဲ့ကြတာပါ။

စက်တင်ဘာ ၂၄ ရက်ညပိုင်းက အရေးပေါ်ခန်းကို လူနာပေါင်း ၁၀၀ ကျော် ရောက်ရှိလာတဲ့ နိုင်ငံပိုင် ကျီလိလင်န်ဆေးရုံ အပါအဝင် နီးစပ်ရာ ဒေသဆိုင်ရာဆေးရုံတွေဆီ ရာနဲ့ချီတဲ့ လူနာတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။

ကျီလိလင်န်ဆေးရုံ ဒါရိုက်တာ နေးစီတီဂျူလိုင်းဟာ က  “အခမဲ့ အစားအစာအစီအစဉ်ကြောင့် အဆိပ်သင့်တယ်လို့ သံသယရှိတဲ့ လူနာတွေ အများစုဟာ ဗိုက်နာတယ်၊ အန်တယ်၊ တချို့ကလည်း အသက်ရှုမဝဘူး လို့ ပြောကြတာကြောင့် လူနာရဲ့လက္ခဏာတွေနဲ့ အညီ ကုသမှုပေးရပါတယ်” လို့ ပြောပါတယ်။

အမျိုးသားအာဟာရအေဂျင်စီ လက်အောက်ရှိ မီးဖိုချောင်ဌာန အကြီးအကဲ အစ်ဂ်ဘဲလ် မောင်းလာနာကတော့ အစားအစာပြင်ဆင်မှုတွေဟာ စံလည်ပတ်မှု လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်း မကြာခဏ Update လုပ်တယ်လို့ ပြောပါတယ်။

အရည်အသွေးထိန်းချုပ်မှုကိုလည်း အာဟာရပညာရှင်တွေက လုပ်ဆောင်ပြီးတော့ ခွဲဝေထည့်ပေးတဲ့နေရာတွေမှာလည်း အာဟာရပညာရှင်တွေက စမ်းသပ်စစ်ဆေးတယ်လို့လည်း ဆိုပါတယ်။ 

ပညာရေး စောင့်ကြည့်မှုကွန်ရက် မူဝါဒသုတေသနအဖွဲ့ကတော့ ဒီတပတ်ဖြစ်ရပ် မတိုင်ခင်မှာ တနိုင်ငံလုံးမှ အနည်းဆုံး ကလေးပေါင်း ၆၄၅၂ ယောက်တို့ဟာ ဇန်န၀ါရီလမှာ စတင်ခဲ့တဲ့ အခမဲ့ ကျောင်းနေ့လည်စာ အစီအစဉ်ကနေ အစာအဆိပ်သင့်မှုကို ခံစားခဲ့ရကြောင်း ‌ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013