
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက လမိုင်းမြို့၊ ကုန်းပေါ်သစ်ရွာမှာ ဘောလုံးပွဲထိုင်ကြည့်နေတဲ့ လူအုပ်ပေါ် အုတ်တံတိုင်းပြိုကျလို့ ကျောင်းသား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ပရဟိတအသင်း တာဝန်ခံတယောက်က “၃ ယောက် သေတယ်၊ ၂ ယောက်က မော်လမြိုင် ပို့ရတယ်။ စုစုပေါင်းထိတာ ၅ ယောက်။ အဲဒီနေရာက လှေကားထစ်လို လုပ်ထားတယ်လေ။ ထိုင်လို့ကောင်းတော့ အဲဒီနားမှာ ထိုင်ကြည့်နေတာ၊ မိုးများပြီး ပြိုကျတဲ့သဘောပေါ့” လို့ DVB ကို ပြောပါတယ်။
ဘောလုံးပွဲဟာ ကထိန်အကြို ဖိတ်ခေါ်ဘောလုံးပွဲ ဖြစ်တာကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်က ပြည်သူအများအပြား လာရောက်ကြည့်ရှုနေချိန် အခုလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကျောင်းသားလူငယ်တွေဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ နယ်မြေခံပရဟိတအဖွဲ့တွေက မော်လမြိုင်ဆေးရုံကို အားချင်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြိုကျတဲ့ အုတ်တံတိုင်း နံဘေးပတ်လည်မှာ ရေမြောင်းရှိနေပြီး မြေပျော့နေတဲ့အရှိန်နဲ့ မိုးတနေကုန် ရွာနေတဲ့ အရှိန်တွေကြောင့် အလေးချိန်မထိန်းနိုင်ဘဲ အခုလို ပြိုကျခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ လမိုင်းမြို့ခံက ပြောပါတယ်။
“အုတ်တံတိုင်း ပတ်ပတ်လည်က မြောင်းရှိတယ်။ မြောင်းရှိတော့ ရေက ဆို့နေတယ်လေ။ သူတို့က အဲဒီအောက်မှာ ထိုင်ကြည့်နေတာ။”
ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးတွေဟာလည်း ကျောင်းသားတွေဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ အခြေအနေ မဟုတ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။