
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့မှာ ဒီသီတင်းပတ်အစောပိုင်းက အုတ်မြစ်မခိုင်မှုကြောင့် ပြိုကျခဲ့တဲ့ အယ်လ်ခိုဇီနီ အစ္စလာမ်ဘော်ဒါဆောင်ကျောင်းရဲ့ အပြိုအပျက်တွေအောက်မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက်ကျောင်းသား အယောက် ၆၀ လောက်ကို ကယ်ထုတ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာ အောက်တိုဘာ ၂ ရက်မှာ အချိန်လု လုပ်ဆောင်နေကြကြောင်း သဘာဝဘေးအာဏာပိုင်တွေက ပြောပါတယ်။
အပျက်အစီးတွေအောက်ကနေ အသက်ရှင်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား SAR အေဂျင်စီမှ စစ်ဆင်ရေးဒါရိုက်တာ ယူဒီဘရာမန်တီယိုက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေထဲက နောက်ထပ် သေဆုံးသူ ကျောင်းသား ၃ ယောက်ရဲ့ အလောင်းတွေကို ဆယ်ထုတ်ရခဲ့တာကြောင့် အခုထိ သေဆုံးသူ ၆ ယောက် ရှိသွားပါပြီ။
ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေကြတဲ့ နောက်ထပ် ဆယ်ကျော်သက် ၅၉ ယောက်ကို ပြန်လည်ဆယ်ယူနိုင်ဖို့ ဘူဒိုဇာတွေ၊ ကရိန်းတွေနဲ့ တခြား အကြီးစား စက်ကိရိယာတွေကို အသုံးပြုဖို့ လုပ်ဆောင်ခဲ့ပြီး ကလေးမိဘတွေကလည်း အကြီးစား စက်ကိရိယာတွေနဲ့ ရှာဖွေမှုကို သဘောတူထားပါတယ်လို့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေး လျော့ပါးရေး အေဂျင်စီအကြီးအကဲ ဆူဟာယန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရှာဖွေရေးအေဂျင်စီဟာ နောက်ဆုံး ညလုံးပေါက်ရှာဖွေမှုမှာ ဘေးအန္တရာယ်ကြုံရသူတွေရဲ့ နာမည်တွေကို အော်ခေါ်ကာ လှုပ်ရှားမှုတွေနဲ့ အသက်ရှင်တဲ့လက္ခဏာတွေကို ခြေရာခံတဲ့ လှုပ်ရှားမှုရှာဖွေစက်နဲ့ စကင်န်စက်တွေကို သုံးစွဲဆောင်ရွက်ခဲ့ပြီးနောက်မှာ အသက်ရှင်နေသေးတဲ့ ဘာလက္ခဏာကိုမှ မတွေ့ရှိခဲ့ပါဘူး။
ရှာဖွေမှုအပြီးမှာ အေဂျင်စီက လူဘယ်လောက် ပျောက်ဆုံးနေသေးကြောင်းကို ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
ဘေးအန္တရာယ်နဲ့ လျော့ပါးသက်သာရေးဆိုင်ရာ တခြားအေဂျင်စီက လူ ၉၁ ယောက် ပျောက်ဆုံးနေကြောင်း စာရင်းသွင်းထားပြီး လူ ၁၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့ကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူများစာရင်းကို ပြထားတဲ့ ဝှိုက်ဘုတ် အနားမှာလည်း စိုးရိမ်စိတ်ပူနေကြတဲ့ မိဘတွေဟာ သူတို့သားသမီးတွေကို အသက်ရှင်လျက် တွေ့ရှိရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာ အယ်လ်ခိုဇီနီ စာသင်ကျောင်းရဲ့ အောက်ထပ်ရှိ ဗလီတခုမှာ ကျောင်းသားတွေရဲ့ ညနေခင်း ဝတ်ပြုဆုတောင်းနေချိန်အတွင်းမှာ အဆောက်အအုံ ပြိုကျခဲ့တာပါ။
ကျောင်းရဲ့အပေါ်ထပ်တွေမှာ ဆောက်လုပ်ဆဲအခြေအနေဖြစ်ပြီး အောက်ခြေရှိ အုတ်မြစ်တွေက တောင့်မခံနိုင်တော့ချိန်မှာ ရုတ်တရက် ကျောင်းကပြိုကျသွားခဲ့တာမှာ ကျောင်းသားတွေလည်း အပျက်အစီးတွေအောက်မှာ ပိတ်မိသွားခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters