
“ပျက်စီးတာက အလုံးစုံပဲ၊ ဘာမှ အဖတ်ဆယ်မရတော့ဘူး။ အခု နိုင်ငံရေးကောင်းလို့ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျသွားရင်တောင် ကျနော်တို့ရဲ့ နုပျိုမှုတွေ လူငယ်ဘဝတွေတော့ ပြန်ရမှာ မဟုတ်တော့ဘူး” လို့ အသက် ၂၇ နှစ်အရွယ် လူငယ် ကိုသူက ပြောပါတယ်။
ကိုသူက မန္တလေးရတနာပုံတက္ကသိုလ်က ရှေးဟောင်းသုတေသနကျောင်းသားတယောက်ဖြစ်ပြီး တက္ကသိုလ် တတိယနှစ်မှာ ကိုဗစ်-၁၉ ကြောင့် ပညာသင်ကြားမှု ရပ်နားထားရတာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် Civil Disobedience movement (CDM) အာဏာဖီဆန်ခဲ့တဲ့ ကျောင်းသားတယောက် ဖြစ်ပါတယ်။ ကိုသူက CDM လုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်းမှာပဲ နေထိုင်ခဲ့ပေမဲ့ စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော် ကျင့်သုံးခဲ့တာကြောင့် စစ်မှုမထမ်းလိုတဲ့ ကိုသူက ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်က စတင်ပြီး ပညာရေးရပ်နားထားရတဲ့ ကိုသူက ၂၀၂၅ ခုနှစ်အထိ နိုင်ငံရေး အခြေအနေနဲ့ ထိုင်းနိုင်ငံကို တိမ်းရှောင်လာရတဲ့ အခြေအနေကြောင့် ပညာဆက်သင်ယူဖို့ အခွင့်ရေး မရရှိခဲ့တာကြောင့် အခုလက်ရှိမှာလည်း ကျောင်းဆက်တက်ဖို့ စိတ်ကူးမရှိတော့ပါဘူး။
ကိုသူက အသက် ၂၂ နှစ်အရွယ်မှာ ဘွဲ့တခုယူပြီး ကိုယ့်မြို့မှာ ရရာအလုပ်လေးလုပ်ပြီး အေးအေးချမ်းချမ်းနေမယ်လို့ ရည်ရွယ်ထားတဲ့ လူငယ်တယောက်ပါ။ သူ့စိတ်ကူး ရည်ရွယ်ချက်တွေနဲ့ ကြိုးစားထားမှုတွေက မျက်လှည့်ပြလိုက်သလို ခဏလေးအတွင်းမှာ ဘဝကို ပြောင်းပြန်လှန်လိုက်သလို အကုန်ဆုံးရှုံးခဲ့ရတယ်လို့ ကိုသူက ပြောပါတယ်။
“ကိုယ့် အနာဂတ်ကို တွေးလိုက်ရင် စိတ်ဓာတ်အကျဆုံးပဲ။ ဘယ်ကိုသွားရမလဲ၊ ဘာလုပ်ရမလဲ၊ ဒီတိုင်းကြီးပဲ ဘဝက ပြီးဆုံးတော့မှာလားပေါ့။ ဘယ်လောက်ထိလဲဆိုရင် သုညလောက်ထိကိုပဲ၊ ကိုယ်တတ်ထားတဲ့ ပညာတွေက အပေါ်မရောက် အောက်မရောက်နဲ့ အဲဒီတော့ ကိုယ်က တခြားနယ်ပယ်တခုမှာ အစက ပြန်စရတာ။ အဲ့လိုပြန်စရတော့လည်း အခု မြန်မာပြည် လက်ရှိအခြေအနေမှာ ဘယ်အရာမဆို အခုမှ စလုပ်ရင် ခွေးဖြစ်ဖို့ပဲရှိတယ်” လို့ ကိုသူက လက်ရှိ အခြေအနေကို ထပ်ပြောပြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ စိတ်ကူးတွေ ပျက်စီးသွားပြီး အနာဂတ်မရေရာတော့တဲ့ လူငယ်တွေက ကိုသူတယောက်တည်း မဟုတ်ပါဘူး။
ပညာရေး တပိုင်းတစနဲ့ ကိုသူလို လူငယ်တွေဟာ သူတို့ရဲ့ မူလရည်မှန်းချက်တွေ ပျက်စီးသွားရပြီး အနာဂတ်အတွက် တိကျသေချာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း တိုက်ရိုက်အချိုးကျ ထိခိုက်ပျက်စီးနေရပါတယ်။
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းလာစေဖို့၊ အထောက်ပံ့ ဖြစ်စေဖို့အတွက် သဘောထားအမြင် စစ်တမ်းတွေ ကောက်ယူတာ၊ လူမှုကွန်ရက်သုတေသနတွေ စဉ်ဆက်မပြတ် ဆောင်ရွက်တာနဲ့ နိုင်ငံရေးသတင်းအချက်အလက်တွေ စုစည်းဖော်ပြတာတို့ကို လုပ်ဆောင်နေတဲ့ Blue Shirt က ၂၀၂၃ ဧပြီလမှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအပေါ် အာဏာသိမ်းမှုအလွန် နိုင်ငံရေးအခြေအနေရဲ့ အကျိုးသက်ရောက်မှု သုတေသနစစ်တမ်းကို ထုတ်ခဲ့ပါတယ်။
အဆိုပါသုတေသနစစ်တမ်းမှာ တက္ကသိုလ်၊ ကောလိပ် ၄၂ ခုက ကျောင်းသူ ကျောင်းသား ၁,၁၁၅ ယောက်ကို မေးမြန်းခဲ့ပြီး ၅၉၈ ယောက်က အစိုးရတက္ကသိုလ်၊ ကောလိပ်တွေကို သပိတ်မှောက်ထားတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ၄၁၂ ယောက်က ပညာဆက်သင်ယူနေဆဲ ဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီး ၄ နှစ်ကျော် ကာလအတွင်းမှာ ကျောင်းသူကျောင်းသားတွေ ပညာရေး အခွင့်လမ်းရရှိမှုက ၆၁ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားပါတယ်။ ဒီထဲမှာ ကျောင်းဆက်တက်ဖို့ ရပ်နားထားတဲ့ CDM တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး ဆက်လက်ရရှိမှု အခွင့်အလမ်း ၇၆ ရာခိုင်နှုန်းကျော် ဆုံးရှုံးနေတယ်လို့ Blue shirt စစ်တမ်းအရ သိရပါတယ်။
ပညာရေးဆက်လက်ရရှိမှု အခွင့်လမ်းတွေ ဆုံးရှုံးရတာ အချိန် ၄ နှစ်ကျော် ကြာလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးလာရပါတယ်။ CDM ပြုလုပ်ထားတဲ့ ကျောင်းသူ ကျောင်းသား ၉၃ ရာခိုင်နှုန်းက အလုပ်အကိုင် အခွင့်အလမ်း ဆိုးဝါးသွားပြီး ကျောင်းဆက်တက်နေတဲ့ ကျောင်းသူ ကျောင်းသား ၇၂ ရာခိုင်နှုန်းကလည်း အလုပ်အကိုင် အခွင့်အလမ်း ဆိုးဝါးသွားတယ်လို့ Blue shirt စစ်တမ်းအရ သိရပါတယ်။
မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က ရုရှားဘာသာကို သင်ယူနေရင်း တတိယနှစ်မှာ CDM ပြုလုပ်ခဲ့တဲ့ ကိုအသေးလေးက “သူတို့လည်ပတ်တဲ့ ယန္တရား ပျက်အောင်လုပ်တာပေါ့။ ပြောရရင် သူတို့က ပြည်ဖျက်တဲ့အခါ သူတို့ရဲ့စနစ်ကလည်း သူတို့ရဲ့ ကျဆုံးခန်းနဲ့အတူ တခါတည်း ပါသွားရမယ်ပေါ့၊ အဲလိုစိတ်ကူးနဲ့ CDM လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။
ကိုအသေးလေးက ရုရှားဘာသာစကားကို သင်ယူပြီး ဘွဲ့ရပြီးရင် ဘာသာပြန်အဖြစ်နဲ့ တခြားကျွမ်းကျင်တဲ့ နယ်ပယ်တွေမှာ ဆက်လုပ်မယ်လို့ စိတ်ကူးထားခဲ့ပေမဲ့ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အရောင်းဝန်ထမ်း လုပ်နေရပါတယ်။
ကိုအသေးလေးက “ကျနော့်အမြင်အရဆိုရင်တော့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းက အချိုးကျနေတယ်လို့ မြင်တယ်။ ပညာရေးဆုံးရှုံးလိုက်ရလို့ အနာဂတ်ထိခိုက်တယ် ဆိုတာထက် စိတ်ဓာတ်ရေးရာပိုင်း နာကျင်သွားကြလို့ ဘဝပြဿနာတွေမှာ အထိအခိုက်ရှိကြတာလို့ ထင်တယ်။ ခေတ်ကမကောင်း၊ သင်ထားတာတွေက လက်တွေ့လုပ်နေတဲ့အလုပ်နဲ့ မကိုက်ဆိုတော့ အရာရာ အစကနေ ပြန်စရသလိုဖြစ်တော့ ပိုရုန်းရတာပေါ့” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေပေမဲ့ နေထိုင်စားသောက်ဖို့၊ အလုပ်လုပ်ခွင့် work permit ရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်ပြီး စာရွက်စာတမ်း အစုံအလင်ရှိနေပေမဲ့ အလုပ်ရှာရ မလွယ်ကူတာတွေကလည်း လူငယ်တွေအတွက် စိန်ခေါ်မှု အခက်အခဲတခု ဖြစ်နေပါတယ်။
မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြရပေမဲ့ ပညာရေးဆက်လက်သင်ယူနိုင်ဖို့ နိုင်ငံတကာကပေးတဲ့ ပညာတော်သင်ဆု ကြိုးစားလျှောက်နေတဲ့ ကိုစံအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရန်ပုံငွေ ဖြတ်တောက်လိုက်တဲ့ USAID ရဲ့ ပညာသင်ဆုလည်း ပါဝင်တာကြောင့် ပညာဆက်သင်ယူမယ့် ရည်မှန်းချက် ထပ်မံပျက်စီးသွားခဲ့ရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးဖြတ်တောက်မှု၊ အင်တာနက်လိုင်း မရရှိမှု၊ ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူငယ်တွေက ပညာရေးဆက်လက်သင်ယူနိုင်ဖို့ စိန်ခေါ်မှု များစွာရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းက ကျောင်းသူကျောင်းသား လူငယ်တွေ အနေနဲ့လည်း ပညာရေးထက် မိသားစု စားဝတ်နေရေး အခြေအနေတွေကို ဦးစားပေးနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းပဋိပက္ခတွေ၊ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် စားဝတ်နေရေး အခက်အခဲရှိလာတဲ့အပြင် စစ်မှုထမ်း ဥပဒေတွေကြောင့် လူငယ်တွေက ပြည်တွင်းမှာထက် ပြည်ပကို အလုပ်လုပ်ဖို့ ရရာနည်းပေါင်းစုံနဲ့ သွားနေကြရပါတယ်။ မြန်မာနိုင်ငံမှာ သင်ယူခဲ့ရတဲ့ ပညာရေးနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြရတဲ့အခါ ပညာရေးနဲ့ လုပ်နေရတဲ့အလုပ် တခြားစီဖြစ်နေပြီး ကြိုးစားသလောက် မတိုးတက်မှုတွေကြောင့် လူငယ်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်နေကြရပါတယ်။
မြန်မာနိုင်ငံတွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေပြီး ပညာဆက်သင်ယူလို့တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် ညဘက် အွန်လိုင်းကနေ ပညာသင်ကြားပေးနေတဲ့ တက္ကသိုလ်တွေ ရှိတာကြောင့် အခွင့်အရေးရချိန်မှာ တက်စေချင်တယ်လို့ ပညာရေးဝန်ကြီးဌာန/အမျိုးသားညီညွတ်ရေးအစိုးရ CDM ကထိက ဆရာမ နွေဦးက ပြောပါတယ်။
“ငါတို့က ဘွဲ့မရခဲ့ဘူးဆိုပြီး အားငယ်မနေဘဲနဲ့ အွန်လိုင်းတက္ကသိုလ်တွေကို တက်စေချင်တယ်၊ တက္ကသိုလ်ကို မျိုးစုံရှိနေတာပေါ့နော်။ ပညာရေးအတွက်လည်းရှိတယ်၊ အသက်မွေးဝမ်းကျောင်း အတွက်လည်းရှိတယ်၊ နောက်ပြီး တချို့ ထိုင်းမှာဆို သက်မွေးဝမ်းကျောင်းကို အွန်လိုင်းတွေနဲ့ ချိတ်ဆက်တဲ့ ကျောင်းတွေ ပေါ်နေပြီပေါ့နော်။ မြန်မာနိုင်ငံကနေ ၅ နှစ်တာကာလအတွင်းမှာ ဒီတော်လှန်ရေးကြောင့်၊ စစ်ဘေးကြောင့်၊ ရောဂါဘေးကြောင့် ကြုံခဲ့တဲ့ ကလေးတွေကို ဘယ်လောက် အသက်အရွယ်ရောက်ရောက် ပညာက မကုန်ဆုံးသွားဘူးဆိုတာ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ကျောင်းတက်ရင်း အလုပ်လုပ်နေကြရတဲ့ လူငယ်တွေ ရှိပေမဲ့ လက်ရှိ ကုန်စျေးနှုန်းကြောင့် ၁၀ ဆလောက် တိုးရှာနိုင်မှ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတယောက်က ပြောပါတယ်။
“ဘွဲ့မရလည်း ဒီလစာပဲ၊ ရလည်း ကျပ် ၂ သိန်းလောက်ပဲ များရုံပေါ့။ နိုင်ငံခြားသွားလည်း နောက်ခံကောင်းကောင်းတခုသာ မရှိရင် ဒီနိုင်ငံမှာ နေရသလိုပါပဲ။ environment တခုသာ ပြောင်းလဲသွားရုံပဲ ထင်ပါတယ်။ ခေတ်ကျပ်ကြီးထဲမှာ ပိုတိုး ပိုရှာဖို့ပဲ တွေးနေကြမှာပါ။ အလုပ်မခေါ်လို့ အလုပ်မရတဲ့သူတော့ ရှိမယ်မထင်ပါဘူး။ ရရာအလုပ်နဲ့ ဝင်ငွေတိုးပွားဖို့ နည်းလမ်းပဲ ရှာဖွေနေကြမှာပါ။ အလုပ်မရလို့ ရပ်နေရင် ဒီနိုင်ငံမှာ အထူးသဖြင့် နောက်ခံမရှိသူအဖို့ အသက်ရှင်သန်ဖို့ မလွယ်ပါဘူး။”
မြန်မာနိုင်ငံတွင်းမှာ လက်ရှိနေထိုင်နေတဲ့ လူငယ်တွေ အနေနဲ့လည်း ပညာရေး ဆက်သင်ယူချင်ပေမဲ့ မိသားစုစားဝတ်နေရေးတွေအတွက် အလုပ်ထွက်လုပ်နေရတဲ့ လူငယ်တွေ ရှိနေပါတယ်။ ပညာရေးနဲ့ အလှမ်းဝေးလာတဲ့ ပြည်တွင်းပြည်ပက လူငယ်တွေဟာ ဘွဲ့တခုရမှ အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ အနာဂတ်ရည်မှန်းချက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေက ဝေးသထက် ဝေးလာနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံစီးပွားရေး ကျဆင်းလာရသလို လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အရေးကလည်း လျော့နည်းလာတဲ့အပြင် ကုန်စျေးနှုန်းတွေ ဆက်တိုက်တက်နေပေမဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာတွေက တိုးလာခြင်းမရှိပါဘူး။
“စီစဥ်ထားတဲ့ စီးပွားရေး လူမှုရေးနဲ့ အနာဂတ်အိပ်မက်တွေလည်း စစ်ကောင်စီတပ် အာဏာသိမ်းသွားတဲ့ထဲ ပါသွားတယ်” လို့ ကိုအသေးလေးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝတွေ အကြီးအကျယ် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့ ရင်ဆိုင်နေရသလို လူငယ်တွေရဲ့ ရည်မှန်းချက်နဲ့ အနာဂတ်တွေကလည်း ထိခိုက်ပျက်စီးသွားခဲ့ရတာပါ။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲနေသရွေ့တော့ လူငယ်လူရွယ်တွေနဲ့ မြန်မာပြည်သူတွေ ဒုက္ခ ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။
ဟန်နာထက်အောင်