
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အသံတိတ်သပိတ်ပြုလုပ်မဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ စျေးဆိုင်တွေ ပိတ်သိမ်းခြင်းမပြုဘဲ ပုံမှန်ဖွင့်လှစ်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့သစ်မှာ ဒီနေ့မနက်အစောပိုင်းက အုပ်ချုပ်ရေးအဖွဲ့တွေက စျေးဆိုင်တွေကို ဒီဇင်ဘာ ၁၀ ရက်မှာ စျေးဆိုင်ဖွင့်လှစ်မဲ့အကြောင်း ဆိုင်ရှင်တွေကို လက်မှတ်လိုက်ထိုးခိုင်းတယ်လို့ မြို့ခံတယောက် DVB ကို ပြောပါတယ်။
“ရပ်ကွက်ရုံးက စျေးဆိုင်တွေအကုန်လုံးကို ဒီနေ့မနက် လက်မှတ်ထိုးခိုင်းတယ်။ အဲဒီနေ့ သွားစရာရှိတာတွေ သွားလာဖို့၊ စျေးဆိုင်တွေကို ပုံမှန်တိုင်းဖွင့်ဖို့ သိရှိကြောင်း လက်မှတ်လိုက်ထိုးခိုင်းတယ်။ အကြောင်းမဲ့ ဆိုင်ပိတ်ထားလို့ စစ်တပ်က ချိပ်ပိတ်ရင် တာဝန်မယူဘူးလို့ ခြိမ်းခြောက်ပြီး ပြောဆိုသွားတယ်။”
မင်္ဂလာဒုံမြို့နယ်နဲ့ ထောက်ကြန့်မြို့မှာ ဧည့်စာရင်းနဲ့ နေထိုင်ပြီး စျေးဆိုင်ဖွင့်ထားသူတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့ စျေးဆိုင်ဖွင့် မဖွင့် အခြေအနေကြည့်ပြီးမှ ဧည့်စာရင်း ပြန်ပေးမယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုကြောင်း စျေးရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“ဆိုင်မှာ အလုပ်သမားအသစ်ရောက်လို့ ဧည့်စာရင်းသွားတိုင်တာ အသံတိတ်သပိတ်ပြီးမှ ဧည့်စာရင်းပေးမယ် ဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီနေ့မှာ ဆိုင်ပိတ် မပိတ် ကြည့်ဦးမယ်လို့ ပြောတယ်။”
လှည်းကူးမြို့နယ်မှာ အသံတိတ်သပိတ်နေ့ကျရင် စျေးဆိုင်ကို ဖွင့်ခိုင်းပြီး ကိုယ်ပိုင်ကျောင်းနဲ့ မူကြိုကျောင်းတွေကို လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ခိုင်းတယ်လို့ မူကြိုကျောင်းဖွင့်သူတယောက်က DVB ကို ပြောပါတယ်။
“ကိုယ်ပိုင်ကျောင်းနဲ့ မူကြိုတွေကို လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲတွေ ဒီဇင်ဘာ ၁၀ ရက်မှာလုပ်ဖို့ မြို့နယ်ထွေအုပ်က အကူအညီတောင်းတယ်။ လုပ်ခဲ့ရင် သူတို့ လုံခြုံရေးပေးမယ်ပေါ့။ စျေးဆိုင်တွေကတော့ ညဘက်ကတည်းက အဲ့နေ့မှာဖွင့်ဖို့ လိုက်ပြောထားတာ။”
အလားတူ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒရုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာလည်း စစ်ကောင်စီက စျေးဆိုင်တွေဖွင့်လှစ်ပြီး ပုံမှန်အတိုင်း သွားလာကြဖို့ လိုက်လံပြောဆိုနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တာကြောင့် အဲဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ထုတ်ပြန်ထားပါတယ်။


