
ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၂,၉၃၁ ခုမှာ ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီအနေနဲ့ မူလက ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်နဲ့ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မြို့နယ်တို့မှာ ပြုလုပ်သွားမယ်လို့ ကြေညာထားတာပါ။
ရွေးကောက်ပွဲအပိုင်း ၁ ကို ကျင်းပမယ့် ဒီဇင်ဘာလထဲရောက်ချိန်မှာတော့ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ ကို ပြုလုပ်နိုင်ခြင်း မရှိတဲ့ ကျေးရွာအုပ်စုတွေကို ထုတ်ပြန်လာတာပါ။
ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိတော့တဲ့ ကျေးရွာအုပ်စုတွေထဲမှာ ကြံ့ခိုင်ရေးပါတီအားကောင်းတဲ့ မိတ္ထီလာ၊ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်ထဲက ကျေးရွာအုပ်စုတွေလည်း ပါဝင်ပြီး ရခိုင်ပြည်နယ်ထဲမှာဆိုရင်တော့ ပြည်နယ်မြို့တော် စစ်တွေမြို့နယ်ထဲက ကျေးရွာအုပ်စုတွေနဲ့ လတ်တလော စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာအုပ်စုတွေလည်း ပါဝင်နေပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံတဲ့ လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ကုလသမဂဂ္ဂနဲ့ ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ထုတ်ပြန် ပြောဆိုနေကြပြီး အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလုပ်ရှားမှုတွေကိုလည်း ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေရောက် မြန်မာပြည်သူတွေက ပုံစံမျိုးစုံနဲ့ အရှိန်မြှင့်လုပ် ဆောင်နေကြပါတယ်။


