
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ရက် နီးကပ်လာပြီဖြစ်ပေမဲ့ အများပြည်သူတွေကြားမှာ မဲပေးစက် အသုံးပြုပုံနဲ့ ပတ်သက်ပြီး သိရှိသူနည်းပါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း(၁) ကို စတင်ကျင်းပမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲမှာ အသုံးပြုမဲ့ အီလက်ထရောနစ်မဲပေးစက်တွေရဲ့ အသုံးပြုပုံကိုတော့ စမ်းသပ်အသုံးပြုတာရှိခဲ့ပေမဲ့ စစ်တပ်အခြေစိုက်ရာ နေပြည်တော်တောင် သိရှိသူနည်းပါးနေတာဖြစ်ပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာနေထိုင်သူတယောက်က "ရွေးကောက်ပွဲကျရင် စက်နဲ့မဲပေးရမယ်။ အရင်လို ဘောပင်နဲ့ မပေးရတော့ဘူး။ အဲ့ဒီလောက်ပဲ သိထားတယ်။ စက်ကို မြင်တောင် မမြင်ဖူးသေးဘူး။ အဲ့ဒီနေ့ရောက်ရင်တော့ သူတို့ မဲရုံစောင့်တဲ့လူတွေက ပြောပြမယ်နဲ့တူတယ်" လို့ ပြောပါတယ်။
ရွေးကောက်ပွဲမဲပေးရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ နေပြည်တော်အတွင်း နေရာတချို့မှာ အိမ်တိုင်ရာရောက် အသိပညာပေးနေပေမဲ့ မဲပေးစက်အသုံးပြုပုံကိုတော့ ပြည်သူတွေ ခုထိမသိရှိသေးပါဘူး။
လတ်တလောမှာတော့ မဲရုံတွေမှာ တာဝန်ကျမဲ့ အခြေခံပညာအဆင့်က ဆရာ/ဆရာမတွေကို ပိတ်ရက်တွေမှာ ခေါ်ယူပြီး မဲပေးစက်အသုံးပြုနည်းသင်တန်းပေးခဲ့တာ ရှိပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
မနက်ဖန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း အတုအယောင် ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတဝန်းမှာ အသံတိတ်သပိတ်လုပ်ဆောင်ဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။


