
လွန်ခဲ့တဲ့ ၅ ရက်လောက်က ဖြစ်ပါတယ်။ ခင်မင်ရတဲ့ ကဗျာဆရာတယောက်က တော်လှန်ရေးသမား လူငယ်ကဗျာတယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူမိတ်ဆက်ပေးတဲ့ လူငယ်ကဗျာဆရာက တိုက်ပွဲတခုမှာ ခြေတဖက်ဆုံးရှုံးလိုက်ရတဲ့ လူငယ်ပါ။ အသက် ၃၀ ပင် ပြည့်ဟန်မတူသူပါ။ မိတ်ဆက်ပေးတဲ့ မိတ်ဆွေကဗျာဆရာရဲ့ ကျေးဇူးကြောင့် အဲဒီလူငယ်နဲ့ ကျနော် အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စတင်သိကျွမ်းရတာပါ။
သူနဲ့ကျနော် မိတ်ဆွေဖြစ်ပြီးနောက်တရက်မှာ ကျနော့်ဆီကို လာတွေ့မဲ့အကြောင်း သူ့ခြေထောက်ဒဏ်ရာက အခုဆိုရင် ခြေတုတပ်ပြီး ရပ်လို့ သွားလို့ ရလာပြီဖြစ်ကြောင်း ကျနော်နဲ့ လာတွေ့မဲ့အကြောင်း ပြောခဲ့ပါတယ်။ လမ်းလျှောက်လို့ ရလာပြီဖြစ်လို့ တောထဲကို ပြန်သွားတော့မှာဖြစ်လို့ မပြန်ခင် လာတွေ့မဲ့သဘောလည်း ပြောပါတယ်။ နောက်တနေ့ကျတော့ သူဟာ စစ်ခွေးတွေကို ကောင်းကောင်းတုံ့ပြန်သွားရမယ်ဆိုတဲ့ ကဗျာတပုဒ် သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဖတ်လိုက်ရပြန်ပါတယ်။
ကျနော့်ဆီကို လာလည်လို့ရတဲ့ အကြောင်းကလွဲပြီး ထွေထွေထူးထူး သူ့ကို စကားပြန်မပြောနိုင်ခဲ့ပါဘူး။ ကိုယ့်အခြေအနေ အရပ်ရပ်ကိုလည်း သူလာကာမှ သူနဲ့တွေ့တဲ့အခါမှ ပြောပြတော့မယ်လို့ တွေးလိုက်ပါတယ်။
သူနဲ့ မိတ်ဆွေဖြစ်ဖြစ်ချင်း သူ့စိတ်ဆန္ဒအမှန်ကိုလည်း သိခွင့်ရလိုက်ပါတယ်။ သူဟာ ခြေတဖက် ဆုံးရှုံးလိုက်ရသည့်တိုင် သူပါဝင်နေတဲ့ တော်လှန်ရေးအပေါ် အရင်ကထက်တောင် စိတ်အားထက်သန်နေသူ ဖြစ်နေပါလားဆိုတာ ကြားရသိရတော့ ကျနော့်စိတ်ထဲ ဝမ်းလည်းသာ ဝမ်းလည်းနည်း ဖြစ်ရပါတယ်။ အဲဒါနဲ့ပဲ သူလာရင် ဘာများလက်ဆောင်ပေးရရင် ကောင်းမလဲလို့လည်း တွေးရပါတယ်။
၂။
ဘယ်သူမဆို ဘဝမှာ ဆုံးရှုံးထိခိုက်မှု ကြုံကြရသူချည်းပါပဲ။ တယောက်နဲ့တယောက် နစ်နာဆုံးရှုံးမှု နည်းတာများတာ ကွာကြတာပဲ ရှိတာပါ။
နစ်နာဆုံးရှုံးမှု ခံကြရသူတချို့က နစ်နာမှုအပေါ်မူတည်ပြီး စိတ်ထိခိုက်ကွဲကြေပြီး ဘဝကို အရှုံးပေး အားလျှော့ကြသူတွေ ရှိသလို တချို့ကျတော့ ထိခိုက်ဆုံးရှုံးခံရပြီးကာမှ ဘဝကို ပိုပြီး အားကြိုးမာန်တက် အလုပ်လုပ်ဖို့ စိတ်ဆုံးဖြတ်နိုင်ကြသူတွေလည်း ရှိပါတယ်။
ဒီလို ဆုံးရှုံးထိခိုက်ခံရတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ကြည့်ရှုပြီး ဘဝကို အရှုံးမပေးဘဲ ခြေတဖက်ဆုံးရှုံးလိုက်ရသည့်တိုင် တော်လှန်ရေးအတွက် ဘဝအတွက် ဆတက်ထမ်းပိုး ရှေ့တိုးအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ မိတ်ဆွေသစ် ကဗျာဆရာလေးအပေါ် မူတည်ပြီး ခွန်အားဖြည့်ကဗျာတပုဒ်ကို ကျနော် တွေးလာရတယ် ဆိုပါတော့။
ကျနော်က ပါရှန်ကဗျာဆရာဆရာတွေဖြစ်ကြတဲ့ “အိုမာခရမ်” နဲ့ “ရူမီ” တို့ရဲ့ ကဗျာတွေကို နှစ်သက်ပါတယ်။ အခု ကျနော်တွေးမိလာတဲ့ကဗျာက “ရူမီ” ရဲ့ ကဗျာတပုဒ်ပါ။ ဒီကဗျာက ကဗျာဖတ်သူတွေကို စိတ်ခွန်အားဖြည့်ပေးတဲ့ ကဗျာပါ။ အထက်က ကျနော်ပြောခဲ့တဲ့ တော်လှန်ရေးသမား ကဗျာဆရာလေးအပေါ်မူတည်ပြီး “ရူမီ” ရဲ့ ဒီကဗျာကို ကျနော်တွေးမိလာတာပါ။
ကကြ
ကကြ.......
ခင်ဗျားတို့ရဲ့ ကျိုးပျက်နေတဲ့ဘဝတွေကို ဖွင့်ပြီးသာ ကကြ
ကကြ......
ခင်ဗျားတို့ရဲ့ စည်းနှောင်ထားတဲ့
ပတ်တီးတွေ တွန့်ကြေနေသည့်တိုင် ကကြ
ကကြ......
တိုက်ပွဲရဲ့ အလယ်ကောင်မှာပဲ
ကကြ........
ကကြ
ခင်ဗျားတို့ရဲ့ အသွေးအသားထဲမှာကို
ကပစ်လိုက်ကြ....
ခင်ဗျားတို့ရဲ့ မှန်ကန်ပြည့်ဝမှုအတိနဲ့သာ ကကြ.......။
ရူမီ
“ရူမီ”ဟာ လွန်ခဲ့တဲ့ နှစ် ၈၀၀ ကျော် ၁၂၀၇ ခုနှစ်မှာ မွေးတဲ့သူပါ။ အသက် ၆၆ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ နာမည်အပြည့်အစုံက “ဂျလာအီဒင် မိုဟာမက် အာခီ” ပါ။ ဒါပေမဲ့ သူ့ကို ကဗျာဆရာ တွေးခေါ်ပညာရှင် “ရူမီ” အမည်နဲ့ လူသိများ ထင်ရှားခဲ့သူပါ။
“ရူမီ” ရဲ့ ကဗျာဟာ ဘဝတိုက်ပွဲဝင်သူတွေကို ရည်ညွှန်းတဲ့ကဗျာဆိုတာ သိသာလွန်းတာ တွေ့ကြရမှာပါ။
ဒီနေရာမှာ တဆက်တစပ်တည်း တွေးမိလာတဲ့ စကားတခွန်း ရှိပါသေးတယ်။ ပြောတဲ့သူက ကျနော်တို့ မျက်မှောက်ခေတ်ထဲက လူတယောက်ပါ။ နိုင်ဂျီရီးယားနိုင်ငံက သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးသမား စာရေးဆရာ “ကင်ဆာရိုဝီဝါ” ပါ။ သူ ကွယ်လွန်ခါနည်း ပြောခဲ့တဲ့ စကားပါ။
နိုင်ဂျီးရီးယားနိုင်ငံမှာ ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက တိုင်းပြည်အာဏာသိမ်းယူပြီး အာဏာရှင်အဖြစ် အုပ်ချုပ်စဉ်က ဖြစ်ပါတယ်။ ကမ္ဘာကျော် “ရှဲ” ရေနံကုမ္ပဏီနဲ့ ပေါင်းပြီး ရေနံတွင်းတွေ လွန်လွန်ကဲကဲတူးဖော်လို့ နိုင်ဂျီးရီးရီးယားနိုင်ငံ အိုဂိုနီလူမျိုးစုတွေ တော်တော် ထိခိုက်ကြရပါတယ်။ အာဏာရှင် ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက လောဘဇောတိုက်ပြီး ရေနံတွင်းတွေ တူးလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး အိုဂိုနီလူမျိုးစုတွေလည်း အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံကြရ၊ ဖမ်းဆီးထောက်ချ ခံကြရရှာပါတယ်။ ဒီလိုလုပ်ရပ်ကို “ကင်ဆာရို ဝီဝါ” က ကန့်ကွက်ရှုတ်ချပါတယ်။ ဒီတော့ ဗိုလ်ချုပ်ကြီး ဆန်နီ အဘာချာက “ကင်ဆာရိုဝီဝါ” ကို မတရားဖမ်းဆီးပြီး ကြိုးမိန့်ပေး သတ်ပစ်လိုက်ပါတယ်။
(၁၉၉၅)
အသတ်ခံရခါနီးချိန်မှာ ကင်ဆာရိုဝီဝါက အိုဂိုနီလူမျိုးစုတွေအတွက် တိုက်ပွဲဝင် အမှာစကားတခွန်း ပြောခဲ့ပါတယ်။ ကမ္ဘာကျော် အမှာစကား ဖြစ်ခဲ့ပါတယ်။ အင်မတန်လှပပြီး ကဗျာလည်း ဆန်ပါတယ်။ “ကကြ ကကြ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကကြ” ဆိုတဲ့စကားပါ။ အိုဂိုနီလူမျိုးစုတွေကို ခွန်အားမြှင့်တင်ဖို့ သူပြောခဲ့တဲ့စကားပါ။ သူ့ရဲ့စကားက အိုဂိုနီ လူမျိုးစုတွေ အတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။
၃။
တော်လှန်တိုက်ပွဲဝင်သူတွေ ဘဝတိုက်ပွဲ ဝင်ကြရသူတွေကို ခွန်အားဖြစ်စေတဲ့ ကဗျာ၊ ခွန်အားဖြစ်စေတဲ့ တိုက်တွန်းကြွေးကြော်သံကို ပါရှန်ကဗျာဆရာ “ရုမီ” နဲ့ နိုင်ဂျီးရီးယားက အာဏာရှင်ဆန့်ကျင်ရေးသမား “ကင်ဆာရိုဝီဝါ” တို့ရဲ့ ကဗျာတပုဒ်နဲ့ တပ်လှန့်ကြွေးကြော်သံကို ကျနော်ပြောခဲ့ပါတယ်။
ဒီကဗျာနဲ့ ဒီကြွေးကြော်သံအပေါ်မှီပြီး ကျနော်ကလည်း မိတ်ဆွေသစ် ကဗျာဆရာလေး တော်လှန်ရေးသမားလေးကို အခုလိုပဲ ကြွေးကြော်သံတခု တိုက်ပွဲခေါ်သံတခု ကျနော်ပေးဖို့ စဉ်းစားထားပါတယ်။ ကျနော့်ဆီကို သူလာတွေ့အခါ အောက်ပါကြွေးကြော်သံလေး လက်ဆောင်ပေးဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။
“ရွတ်ဆိုကြ ရွတ်ဆိုကြ သေနတ်သံတွေ ထာဝရဆိတ်သုဉ်းသွားတဲ့အထိ ကဗျာတွေရွတ်ဆိုကြ” ဟူ၍ ဖြစ်ပါတယ်။
ငြိမ်းဝေ
(ရက်ပိုင်းကမှ အသိမိတ်ဆွေဖြစ်လာသော တော်လှန်ရေးသမား ကဗျာဆရာလေးတဦးသို့…..)


