
တရုတ်ဟာ သူ့ကိုယ်သူ အမေရိကန်နေရာ ဝင်ယူမယ့် ကမ္ဘာ့ခေါင်းဆောင်အဖြစ် အမွှမ်းတင်နေပါတယ်။ “ဝင်မစွက်ဖက်ရေး မူ” ကိုပဲ ကျင့်သုံးတယ်လို့လည်း ထပ်တလဲလဲ ပြောဆိုလေ့ရှိပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ “မတည်ငြိမ်တဲ့အခြေအနေနဲ့ ပဋိပက္ခတွေ” ရှိနေပေမဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်တာမှန်သမျှ ပေကျင်းက ကန့်ကွက်တယ်လို့ သူက ပြောသွားပါတယ်။
ဒါပေမဲ့ အဲဒီခရီးစဉ်နောက်ပိုင်း မြန်မာ့အရေးကို ပေါ်ပေါ်ထင်ထင် အစွက်ဖက်ဆုံး ကြိုးစားတာဟာ တရုတ်နိုင်ငံပဲ ဖြစ်နေပါတယ်။
ဒါကို မြန်မာနိုင်ငံထဲက တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ ပဋိပက္ခ လေ့လာသူတွေနဲ့ အရှေ့တောင်အာရှက အရာရှိတွေကလည်း သဘောတူကြပါတယ်။
“မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက တော်တော် တုန်လှုပ်စရာကောင်းတယ်” လို့ မလေးရှား လွှတ်တော်အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂိုက ပြောတယ်။ သူက အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌဟောင်းတယောက်ပါ။
“သူတို့ကျင့်သုံးတဲ့အာဏာက တော်ရုံတန်ရုံမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ကတည်းက ပဋိပက္ခထဲ နစ်မြုပ်နေတာပါ။ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ တော်လှန်ရေးသမားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာကြပါတယ်။ အခု တိုင်းပြည်ရဲ့ နေရာအတော်များများဟာ သူတို့ (တိုင်းရင်းသား လက်နက်ကိုင်တွေ) လက်ထဲမှာပါ။
ကုလသမဂ္ဂကတော့ ဒီစစ်ပွဲကို “လူ့အခွင့်အရေး ကပ်ဘေးကြီး” လို့ သုံးနှုန်းထားပါတယ်။
တရုတ်က ဒီစစ်ပွဲကို သူ့အကျိုးစီးပွားအတိုင်း ဖြစ်လာအောင် ကြိုးစားနေတယ်။ ဒီလိုလုပ်တာက ပြဿနာကို ပိုရှုပ်ထွေးစေတယ်လို့ လေ့လာသူတွေက ပြောတယ်။
“တရုတ်ဟာ ပြိုလဲတော့မယ့် စစ်အုပ်စုကို ပခုံးထမ်းတင်ပေးထားတယ်” လို့ ဝါရှင်တန် Wilson Center က မြန်မာ့အရေး ပညာရှင် ဦးရဲမျိုးဟိန်းက ပြောပါတယ်။ “ဒီလိုလုပ်တာက ပြည်တွင်းစစ် သက်ဆိုးရှည်အောင် လုပ်ပေးလိုက်တာပဲ” လို့ သူက ဆိုပါတယ်။
“တိဘက်ကနေ ရှင်ကျန်းအထိ တရုတ်ဟာ သူ့ရဲ့ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေအပေါ် အတော်လေး အကဲဆတ်နေပါတယ်။ အခု မြန်မာ့အရေး ဝင်ပါနေတာဟာ သူ့နယ်စပ် အပြင်ဘက်အထိ အာဏာကို ချဲ့ထွင်လိုတဲ့ သူ့ရည်မှန်းချက်ကို အရှင်းလင်းဆုံး ပြသနေတာ ဖြစ်ပါတယ်” လို့ ဦးရဲမျိုးဟိန်းက ပြောပါတယ်။
တရုတ်ဟာ မြန်မာစစ်ကောင်စီကို အကူအညီတွေ တိုးပေးနေသလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ထောက်ခံနေပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကတော့ ဒီရွေးကောက်ပွဲဟာ “အတုအယောင်” ပဲ ဖြစ်မယ်လို့ ပြောထားပါတယ်။
အောက်တိုဘာလကုန်က အာဆီယံ အစည်းအဝေး မတိုင်ခင်မှာလည်း တရုတ်သံတမန်တွေဟာ ဒေသတွင်း အရာရှိတွေကို သူတို့ (တရုတ်) နောက် လိုက်ဖို့ ဖိအားပေးခဲ့ပါတယ်။
အရှေ့တောင်အာရှက ခေါင်းဆောင်တစု (နိုင်ငံခြားရေးဝန်ကြီးဟောင်း နှစ်ယောက် အပါအဝင်) က ဒီဖိအားပေးမှုကို လက်မခံဖို့ အာဆီယံကို အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ကြပါတယ်။ သူတို့က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့ (Amnesty International) နဲ့ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) အဖွဲ့တွေက မှတ်တမ်းတင်ထားတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုးကားခဲ့ကြပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာ အဲဒီ အိတ်ဖွင့်ပေးစာရေးခဲ့တဲ့ ခေါင်းဆောင်အဖွဲ့က ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ “အကြမ်းဖက်မှုတွေ ရပ်တန့်ပြီးမှ ရွေးကောက်ပွဲ လုပ်သင့်တယ်” လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံ အစည်းအဝေးကို တက်ရောက်နေတုန်းမှာပဲ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း “မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေအခင်းအကျင်းတွေ မရှိဘူးဆိုတာ ထင်ရှားပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “ရွေးကောက်ပွဲဟာ အဖြေရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ပြဿနာရဲ့ အစိတ်အပိုင်း ဖြစ်သွားနိုင်တယ်” လို့ သူက ဆိုပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရော မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်းမရှိပါဘူး။
ဒီစစ်ပွဲရဲ့ အကျိုးဆက်တွေကို တရုတ်-မြန်မာ နယ်စပ် မိုင် ၁,၃၀၀ မှာ ခံစားနေရပါတယ်။
ဒါက နယ်စပ်မှာ ရာဇဝတ်မှုတွေ ပိုများလာစေတယ်လို့ တရုတ်အရာရှိတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။ တရုတ်ရဲ့ အဓိက အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရပ်တန့်သွားပါတယ်။ ဥပမာ၊ တရုတ်ရဲ့ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာအထိ သွားမယ့် ကုန်သွယ်ရေး စင်္ကြံကြီးပါ။
ဒါဟာ “မလက္ကာ အကျပ်အတည်း” (Malacca Dilemma) ကို ကျော်လွှားမယ့် တရုတ်ရဲ့ အစီအစဉ်ကို ခြိမ်းခြောက်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ (မလက္ကာ အကျပ်အတည်း ဆိုတာက တရုတ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ခံရနိုင်ခြေကို ဆိုလိုတာပါ)။
“စီမံကိန်းတွေ အများကြီး ရပ်တန့်သွားတယ်။ ဒါမျိုးကို တရုတ်ကမလိုလားဘူး” လို့ တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသူ ယာအိုလုံ ရှန်က ပြောပါတယ်။
Janes ဆိုတဲ့ ကာကွယ်ရေး ထောက်လှမ်းရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ဇန်နဝါရီကနေ ဒီနှစ် မတ်လအထိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်တာ ၁၆၆ ကြိမ် ရှိခဲ့တယ်။ အဲဒီထဲမှာ တော်လှန်ရေးအဖွဲ့တွေက တရုတ် စီမံကိန်းတွေကို ထိန်းချုပ်လိုက်တာတွေလည်း ပါပါတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်ကောင်စီကို အကူအညီ ဘီလီယံနဲ့ချီပြီး ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ တရုတ်ပိုင် ကုမ္ပဏီတွေကလည်း စစ်တပ်ကို လက်နက်တွေ တပ်ဆင်ဖို့ ကူညီပေးနေတယ်လို့ စောင့်ကြည့်အဖွဲ့တွေက (watchdog groups) ပြောပါတယ်။
တရုတ်အရာရှိတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ပိုအသိအမှတ်ပြုလာအောင် လုပ်ပေးနေကြပါတယ်။ မင်းအောင်လှိုင်ဟာ အနောက်နိုင်ငံအများစုရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူ၊ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ဖမ်းဝရမ်းတောင် ထုတ်ခံရနိုင်ခြေရှိတဲ့သူဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီနှစ်ထဲမှာ မင်းအောင်လှိုင်နဲ့ လူသိရှင်ကြား နှစ်ကြိမ်တောင် တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်အတွက် နိုင်ငံရေးအရ အမြင့်ဆုံး အသိအမှတ်ပြုခံရမှု ဖြစ်လာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တရုတ်ဟာ နယ်စပ်က နိုင်ငံရေး အခြေအနေကို လွှမ်းမိုးဖို့ ကြိုးစားနေတာ ကြာပါပြီ။ အခု လုပ်ရပ်တွေက သူတို့ရဲ့ သြဇာကို နယ်စပ်အပြင်ဘက်အထိ ချဲ့ထွင်နေတာကို ပြနေတယ်လို့ ၂၀၁၂ ကနေ ၂၀၁၆အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ် မစ်ချယ်က ပြောပါတယ်။
“တရုတ်က အရာအားလုံးကို ထိန်းချုပ်ချင်တယ်။ အထူးသဖြင့် သူ့အနီးအနားက နေရာတွေကိုပေါ့။ ပြဿနာက မြန်မာနိုင်ငံဟာ ဘယ်သူကမှ ထိန်းချုပ်လို့ မရတဲ့ နိုင်ငံ ဖြစ်နေတာပဲ” လို့ မစ်ချယ်က ဆိုပါတယ်။
တရုတ်ရဲ့ ကြိုးပမ်းမှုတချို့က တွက်ကိန်း မှားသွားပါတယ်။ တချို့ ကိစ္စတွေမှာဆိုရင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပိုတိုးစေခဲ့ပြီး သူ့အတွက် ပြန်ထိခိုက်စေတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး တက္ကသိုလ် (USIP) က ဂျေဆင် တာဝါက ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် Institute for Strategy and Policy-Myanmar ရဲ့ စစ်တမ်းအရ၊ တရုတ်အပေါ် မယုံကြည်မှုက အဖွဲ့အစည်း အားလုံးမှာ မြင့်တက်လာနေပါတယ်။ နောက်ထပ်သက်သေတခုကတော့ မနှစ်က အောက်တိုဘာလက မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံးမှာ ဗုံးခွဲခံခဲ့ရတာပဲဖြစ်ပါတယ်။
တရုတ်ရဲ့ အာဏာကို အမြဲလိုက်နာခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတောင် တရုတ်ရဲ့ တောင်းဆိုမှုတွေကို “အံ့ဩစရာကောင်းလောက်အောင် ကြံ့ကြံ့ခံ” ပြန်ခုခံနေကြတယ်လို့ တာဝါက ပြောပါတယ်။
၂၀၂၃ အောက်တိုဘာမှာ၊ ညီနောင်မဟာမိတ်အဖွဲ့က ဦးဆောင်ပြီး “Operation 1027” ကို စတင်ခဲ့ပါတယ်။ စစ်တပ်ကို တိုက်ခိုက်ပြီး မြို့ပေါင်း ဒါဇင်နဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အများစုက တရုတ်နယ်စပ်နားမှာပါ။
အစပိုင်းမှာတော့ လေ့လာသူတွေက ဒီတိုက်ခိုက်မှုကို တရုတ်က ခွင့်ပြုခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ နယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို မနှိမ်နင်းလို့ စစ်ကောင်စီကို သင်ခန်းစာပေးတာလို့ ယူဆကြတာပါ။
ဒါပေမဲ့ တိုက်ပွဲက ရက်သတ္တပတ်တွေ၊ လတွေနဲ့ချီ ကြာလာတဲ့ အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ထင်ထားတာထက် နယ်မြေတွေ အများကြီး ပိုရသွားကြပါတယ်။
၂၀၂၄ သြဂုတ်လ (တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာတဲ့လ) မှာ လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပါတယ်။ လားရှိုးဟာ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျတဲ့ မြို့တော်တခုပါ။
“ဒီလောက်ထိ ဖြစ်သွားမယ် လို့ တရုတ်ကိုယ်တိုင်တောင် မထင်ခဲ့ဘူး။ စစ်တပ်က လားရှိုးကို လက်လွှတ်ရလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဒါဟာ အလှည့်အပြောင်းပဲ” လို့ Institute for Strategy and Policy-Myanmar က နန်းလွင်က ပြောပါတယ်။
အဲဒီနောက်မှာတော့ တရုတ်က ချက်ချင်း အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အမြန်ဆုံး ပြန်တည်ဆောက်ခဲ့တယ်။ ပစ္စည်းပံ့ပိုးမှု၊ နိုင်ငံရေးအရ ပံ့ပိုးမှုတွေ ပေးပြီး စစ်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်လှန်ခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လပေါင်းများစွာ ခံစစ်ပဲ ကစားနေရာကနေ စစ်တပ်ဟာ ပြန်လည် ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ်။
စစ်မြေပြင်မှာ တရုတ်ပစ္စည်းတွေ ပိုတွေ့လာရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောကြပါတယ်။
ကုလသမဂ္ဂ အရာရှိဟောင်းတွေ ဦးဆောင်တဲ့ Special Advisory Council for Myanmar (SAC-M) ရဲ့ ဇူလိုင်လ အစီရင်ခံစာတစောင်အရ တရုတ်ပိုင် China South ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို လေယာဉ်ဗုံးတွေ ထုတ်လုပ်ဖို့ ကူညီနေတယ်ဆိုတဲ့ အထောက်အထားတွေ ပါဝင်ပါတယ်။
နယ်စပ်မှာလည်း တရုတ်အာဏာပိုင်တွေက တော်လှန်ရေးထပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နေရာတွေကို မီးဖြတ်တယ်။ ကုန်သွယ်ရေး ပိတ်ဆို့တယ်။ နောက်ဆုံးမှာ MNDAA (ကိုးကန့်) အဖွဲ့ကို ဖိအားပေးပြီး လားရှိုးကနေ ထွက်ခွာဖို့၊ အပစ်အခတ် ရပ်စဲဖို့ အကျပ်ကိုင်ဖိအားပေးခဲ့ပါတယ်။
တရုတ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် တိန့်ရှီးကျွင်း ကိုယ်တိုင် လားရှိုးမြို့လွှဲပြောင်းမှုကို ကြီးကြပ်ဖို့ လာခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို အရှင်းလင်းဆုံး ပြသမှုတခုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မကြာသေးခင်ကပဲ UWSA ‘ဝ’ တပ်ဖွဲ့ကလည်း စစ်ကောင်စီကို တိုက်နေတဲ့ တခြားအဖွဲ့တွေကို “လက်နက်၊ စစ်ရေး အရသွားလာဖြတ်သန်းခွင့်၊ စီးပွားရေး အကူအညီ” တွေ မပေးတော့ဘူးလို့ ကြေညာခဲ့ရပါတယ်။ ဒီလိုလုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ တရုတ်ရဲ့ “အပြစ်ပေး အရေးယူမှုတွေ” လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ကြောက်လို့ပါပဲ။
“လက်ရှိ ဖိအားက မခံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒါဟာ နှစ် ၄၀ အတွင်း အဆိုးဆုံး ရှင်သန်ရပ်တည်ရေး အခက်အခဲ အကျပ်အတည်းပဲ ဖြစ်တယ်” လို့ UWSA ဒု-ဥက္ကဋ္ဌ ကျောက်ကော်အန်းက ရှားရှားပါးပါး လူသိရှင်ကြားပြောခဲ့ပါတယ်။
“တရုတ်က ဖိအားတွေ ပိုတိုးလာရင် ဖြစ်လာမယ့် အကျိုးဆက်ကို ကျနော်တို့ မတွေးရဲဘူး” လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ TNLA (တအာင်း) အဖွဲ့က တရုတ်ရဲ့ တိုက်ပွဲရပ်ဖို့ တောင်းဆိုမှုကို နှစ်နှစ်ကျော်ကြာ ငြင်းဆန်ခဲ့ဖူးပါတယ်။ TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်ကိုယ်တိုင် “တရုတ်ရဲ့ ကိုယ့်အကျိုးစီးပွားပဲ ကြည့်တဲ့ ဗိုလ်ကျစိုးမိုးမှု” ကို ဆန့်ကျင်ဖို့ ရေးသားခဲ့ဖူးပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့လပေါင်းများစွာ ပြင်းထန်တဲ့ထိုးစစ်တွေ ခံရပြီးနောက်၊ TNLA ဟာ ပြီးခဲ့တဲ့အပတ်ကပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ရပါတယ်။
ဒါပေမဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရှေ့ဆက်နေကြတုန်းပါပဲ။ TNLA ရဲ့ မြောက်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဆက်လက်တိုက်ပွဲဝင်နေတုန်းပါ။ သူတို့ဟာ ကြီးမားတဲ့ မြေရှားသတ္တုတွင်းတွေကို ထိန်းချုပ်ထားပြီး တရုတ်ရဲ့ ဖိအားကို ပြန်ချိန်ခွင်လျှာညှိနေကြပါတယ်။
အနောက်ဘက်မှာတော့ အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်နေရာ တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ အဲဒီထဲမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနားက နယ်မြေတွေလည်း ပါပါတယ်။ ကျောက်ဖြူဟာ တရုတ်ရဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှု (Belt and Road Initiative) ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
“တရုတ်အရာရှိတွေက နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူတို့ရဲ့ ကိုယ်စားလှယ်တွေအဖြစ် ပြောလေ့ရှိတယ်” လို့ ရန်ကုန်မြို့က အမည်မဖော်လိုသူ ဥရောပ သံတမန်တဦးက ပြောပါတယ်။
“ဒါပေမဲ့ ဒီအဖွဲ့တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် မျှော်မှန်းချက်တွေ၊ သူတို့ကို အားပေးတဲ့ ပြည်သူလူထု ရှိတယ်။ ဒါတွေက တရုတ် လိုချင်တာနဲ့ မတူဘူး။ အခု ဒါကို ရှင်းရှင်းလင်းလင်း မြင်လာရပြီ” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ နောက်ထပ်ရွှေကွက်တခုကတော့ ရွေးကောက်ပွဲလုပ်ပြီး သူ့အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် လုပ်ဖို့ပါပဲ။ ဒီရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ စပြီး အပိုင်းလိုက် ကျင်းပမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) နဲ့ တခြား လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ စစ်တပ် လုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ ပြောထားကြပါတယ်။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့် လုပ်နိုင်မှာ မဟုတ်ဘူး” လို့ မင်းအောင်လှိုင်ကိုယ်တိုင် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေတဆင့် ဝန်ခံထားပါတယ်။
ဒါပေမဲ့ ဒီရွေးကောက်ပွဲကို အင်အားကြီးနိုင်ငံတနိုင်ငံရဲ့ ထောက်ခံမှုနဲ့အတူ ကျင်းပဖြစ်အောင် ကျင်းပသွားမှာပါပဲ။
အောက်တိုဘာလတုန်းက နေပြည်တော်မှာ တရုတ်သံတမန် တိန့်ရှီးကျွင်းက ရွေးကောက်ပွဲပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ပေကျင်းရဲ့ ရပ်တည်ချက်ကို ထပ်မံပြောကြားခဲ့ပါတယ်။ တရုတ်အနေနဲ့ “လိုအပ်တဲ့ အကူအညီ၊ ပစ္စည်းအားလုံး” ပေးဖို့ အသင့်ပဲလို့ သူက ထပ်ဖြည့် ပြောခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး တိမ်းရှောင်လာသူတွေကတော့ တရုတ်ရဲ့ အခုလိုဝင်ရောက်စွက်ဖက်မှုအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ဒါပေမဲ့ လက်ခံရမယ့် အခြေအနေ ဖြစ်နေတာကိုလည်း နားလည်ပုံရပါတယ်။
“ဒီအချိန်မှာ အနောက်နိုင်ငံတွေဆီက အကူအညီလာဖို့ မျှော်လင့်နေတာဟာ အချိန်ဖြုန်းတာပဲ ဆိုတာ ကျနော်တို့ သိတယ်" လို့ ရှမ်းပြည်က လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြံပေး ခွန်ဆိုင်းကျိုင်ယန်က ပြောတယ်။
“ဒီမှာ ရှိတာ တရုတ် တနိုင်ငံတည်းပဲ” လို့ သူက ဆိုပါတယ်။
ရေဗက္ကာတန်
Ref: Washington Post


