
ဟောင်ကောင်သမိုင်းမှာ ၇၅ နှစ်အတွင်း အဆိုးဆုံးမီးလောင်မှုကြီးမှာ ကွယ်လွန်သူတွေအတွက် အောက်မေ့၊ ဆုတောင်း၊ ပန်းစည်းချသူတွေ ထောင်ချီရှိခဲ့တဲ့အတွက် တရုတ်ပြည်မ ဆန့်ကျင်ရေး (Anti-China) ဆန္ဒပြမှုတွေ၊ မြို့ပြတည်ငြိမ်မှုပျက်ပြားအောင် လှုံ့ဆော်မှုတွေ မလုပ်ဖို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ မီးလောင်သွားတဲ့ အိမ်ရာဝင်းအနီး တူးမြောင်းတခုရဲ့ ကမ်းပါးတလျှောက်မှာ ကွယ်လွန်သူတွေအတွက် ပန်းစည်းချဖို့ တန်းစီစောင့်ဆိုင်းတဲ့ လူတန်းဟာ ၁ ကီလိုမီတာကျော် ရှည်လျားခဲ့ပါတယ်။
အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ အွန်လိုင်းလက်မှတ်ထိုးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့အပြီးမှာ လှုပ်ရှားမှု ဦးဆောင်သူတချို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
၂၀၁၉ ဟောင်ကောင်လူထုဆန္ဒပြပွဲကြီးလိုမျိုး တကျော့ပြန် ဖြစ်ပွားမှာကို ပြည်မကြီး ကွန်မြူနစ်အစိုးရက ပူပန်နေပါတယ်။
“ဒီဘေးအန္တရာယ်ကို အခွင့်ကောင်းယူပြီး ဟောင်ကောင်တည်ငြိမ်မှုပျက်ပြားအောင် ကြိုးပမ်းမယ့် တရုတ်ဆန့်ကျင်ရေး အဖျက်အမှောင့်သမားတွေ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ဘယ်လိုနည်းလမ်းမျိုးပဲ သုံးသုံး၊ သေချာပေါက် တာဝန်ခံရမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသွားမယ်” လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုမဖြစ်ခင် စက်တင်ဘာလကတည်းက မီးဘေးအန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက တိုင်ကြားခဲ့ပေမဲ့ အာဏာပိုင်တွေက အန္တရာယ်နည်းပါးတယ်လို့ တုံ့ပြန်ခဲ့သလို မီးလောင်ချိန်မှာလည်း အချက်ပေးစနစ်တွေ ကောင်းကောင်း မလုပ်ဆောင်ခဲ့ပါဘူး။
နိုဝင်ဘာ ၃၀ ရက်အထိ အလောင်း ၁၄၆ လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် လူ ၄၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ Wang Fuk Court အထပ်မြင့်အိမ်ရာဝင်း ပြုပြင်မွမ်းမံရေး လုပ်ငန်းခွင်မှာ အဂတိလိုက်စားမှုတွေနဲ့ မလုံခြုံတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သုံးစွဲခဲ့တယ်ဆိုတဲ့ သံသယနဲ့ လူ ၁၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။
Source: Reuters


