
ဟောင်ကောင်မြောက်ပိုင်း တိုင်ပိုခရိုင်မှာ နိုဝင်ဘာ ၂၆ ရက်က ဝမ်ဖှတ်ခ် လူနေအိမ်ရာဝင်းအတွင်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး အထပ်မြင့်အဆောက်အအုံ အများအပြား မီးလောင်ကာ အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့သလို ၂၈၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေကြပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ လူ ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။
မီးလောင်နေတဲ့ မိုးမျှော်တိုက်တွေထဲမှာ လူအတော်များများ ပိတ်မိနေဆဲဖြစ်ကြောင်း RTHK ရုပ်သံလိုင်းက ရဲတပ်ဖွဲ့ကို ကိုးကား ဖော်ပြခဲ့ပါတယ်။
မီးသတ်သမားတွေဟာ ၃၁ ထပ်မြင့် အိမ်ရာအဆောက်အအုံရှိ မီးလောင်ရာနေရာ အများအပြားကို ညအချိန်အထိ ဆက်လက်ငြှိမ်းသတ်နေကြပြီး အထဲမှာ ပိတ်မိနေသေးတဲ့ လူအရေအတွက်ကို မထုတ်ပြန်နိုင်သေးဘူးလို့ မီးသတ်ဌာနက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
မီးသတ်ဌာနက ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်လောက်မှာ တိုင်ပိုရှိ ဝမ်ဖှတ်ခ် အိမ်ရာစီမံကိန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းပို့ချက်တွေကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ညနေ ၃ နာရီ ၃၄ မိနစ်မှာတော့ အမှတ် ၄ အချက်ပေးစနစ်ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဝမ်ဖှတ်ခ် အိမ်ရာဝင်းဟာ တိုက်တန်း ၈ ခုစာလောက် ပါဝင်တဲ့ အိမ်ရာအဆောက်အအုံ တခုဖြစ်ပြီး လူနေ တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါးရှိပါတယ်။
မီးလောင်နေတဲ့ မိုးမျှော်တိုက်ပတ်လည်ရှိ အထပ်မြင့် အဆောက်အအုံအများအပြားရဲ့ အပြင်ဘက်မှာ ဝါးငြမ်းတိုင်တွေ တပ်ဆင်ထားပါတယ်။
Source:Reuters


