
တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) မှာ အမြဲတမ်း အငှားအိမ်တွေကို ရဖို့ စောင့်ဆိုင်းနေသူတွေအတွက် ထောင်ပေါင်းများစွာသော တန်ဖိုးသင့် ကြားခံနေစရာနေရာကို ပေးမယ့် ဝန်ပေါ့တဲ့ အများပြည်သူ အိမ်ရာအစီအစဉ်ကို စံချိန်တင် အမြန်နှုန်းနဲ့ စတင်လိုက်ပါတယ်။
ကွမ်တုံ-ဟောင်ကောင်-မကာအို အကြီးစား ပင်လယ်အော် ဧရိယာထဲက တရုတ်ပြည်မကြီးရဲ့ မြို့တွေမှာ အခြေစိုက်တဲ့ စက်ရုံတွေကြောင့် အိမ်ရာတွေရဲ့ အရည်အသွေးက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်လို့ SAR ရဲ့ အိုးအိမ်ရေးရာဝန်ကြီး ဝင်နီဟိုက ပြောပါတယ်။
“ကျမတို့ လုပ်တဲ့နည်းလမ်းက စက်ရုံထွက် အဆင်သင့်ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ရုံနဲ့ အိမ်ခန်းဖြစ်နိုင်တဲ့ Modular အဆောက်အဦ ပေါင်းစပ်တည်ဆောက်မှုကို သုံးတဲ့ နည်းလမ်းပါ။ ဆောက်လုပ်မယ့်နေရာမှာ အုတ်မြစ်စတူးတာနဲ့ စက်ရုံကလည်း ထုတ်လုပ်မှုကို စလုပ်နိုင်တယ်။ အုတ်မြစ်ချတဲ့အဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ တပ်ဆင်ပစ္စည်းတွေ ဝင်လာနိုင်တယ်။ ဒါကြောင့် တထပ်ကို ၃ ရက်လောက်နဲ့ ဆောက်နိုင်ခဲ့တယ်” လို့ ဟိုက ပြောပါတယ်။
ပြီးရင် ပိုက်လိုင်းတွေ သွယ်တန်းတာ၊ လျှပ်စစ်မီးကြိုးတွေ သွယ်တန်းတာ ပြီးတာနဲ့ နေဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။
ဝန်ပေါ့တဲ့ အများပြည်သူ အိမ်ရာအစီအစဉ်တခုလုံးရဲ့ ပစ်မှတ်က ၂၀၂၇ ခုနှစ်မှာ နေစရာအိမ်ခန်း ၃၀,၀၀၀ နဲ့ အထပ်မြင့်အဆောက်အအုံ ၂၀ ကို ထောက်ပံ့ပေးဖို့ပါ။
လက်ရှိမှာ ဟောင်ကောင်လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ အများပိုင်အိမ်ရာတွေမှာ နေထိုင်ကြပေမဲ့ အများပိုင်အိမ်ရာအတွက် လမ်းခရီးက အလွန်ရှည်လျားပါတယ်။
ဒီကြားထဲမှာ လူ ၂ သိန်းလောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခေါင်းတလားအိမ်တွေလို့ ခေါ်တဲ့ အိမ်ခန်းတွေမှာ နေကြပါတယ်။
ဟောင်ကောင်အစိုးရက ခေါင်းတလားအိမ်တွေကို ၂၀၄၉ ခုနှစ်မှာ ဖျက်သိမ်းပစ်ဖို့ ကတိပြုခဲ့တယ်လို့ ဟိုက ပြောပါတယ်။
တန်ဖိုးသင့်အိမ်ရာတွေအပြင် ပိုကောင်းတဲ့ လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့ ဒေသခံတွေအတွက် ရပ်ရွာဝန်ဆောင်မှုတွေကို မြှင့်တင်သွားမယ်လို့လည်း ဟိုက ကတိပြုခဲ့ပါတယ်။
Source: Reuters


