
နှစ်ပေါင်းများစွာအတွင်း အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတခုဖြစ်တဲ့ စူပါတိုင်ဖွန်း ရာဂါဆာဟာ စက်တင်ဘာ ၂၃ ရက်မှာ ဟောင်ကောင်ဘက်ကို ဦးတည်လာနေပါတယ်။
ဒါကြောင့် ကျောင်းတွေ၊ လုပ်ငန်းတချို့ ပိတ်ထားရပြီးတော့ လေဆိပ်က ခရီးသည်တင်လေယာဉ် အများစုကိုလည်း စက်တင်ဘာ ၂၃ ရက် ညနေပိုင်းကနေ ၂၅ ရက် မနက်အစောပိုင်းအထိ ရပ်နားထားမှာ ဖြစ်ပါတယ်။
မိုးလေဝသ ရေဒါပုံတွေအရ ဆိုရင်တော့ ဒီစူပါတိုင်ဖွန်းမုန်တိုင်းဟာ စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ထိုင်ဝမ်တောင်ပိုင်းကို ဖြတ်ကျော်လာပြီး ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးဘက်ကို ဦးတည်လာနေတာကို တွေ့ရပါတယ်။
ဟောင်ကောင်မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ရာဂါဆာမုန်တိုင်းဟာ တနာရီကို ကီလိုမီတာ ၂၂၀ (၁၃၇ မိုင်) အထိ တိုက်ခတ်နိုင်တဲ့ လေပြင်းတွေနဲ့အတူ တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်တုံပြည်နယ် ကမ်းရိုးတန်းနားကို တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက တိုင်ဖွန်းသတိပေးအချက်ပြအဆင့်ကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ တတိယအမြင့်ဆုံးဖြစ်တဲ့ အဆင့် ၈ အထိ တိုးမြှင့်ဖို့ရှိပါတယ်။
အဲဒီလိုထုတ်ပြန်လိုက်ရင် လုပ်ငန်းအများစုနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ရပ်ဆိုင်းပစ်မှာပါ။ အခုချိန်မှာကို လေကြောင်းခရီးစဉ် ၇၀၀ လောက် ရွှေ့ဆိုင်းဖျက်သိမ်းထားရပြီး ဖြစ်ပါတယ်။
မိုးလေဝသဌာနကတော့ ၂၃ ရက် ညပိုင်း ဒါမှမဟုတ် စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ဒီထက်ပိုမြင့်တဲ့ သတိပေးချက် ထုတ်ပြန်ဖို့ လိုမလား ဆိုတာကို ဆက်ပြီးတော့ အကဲဖြတ်သွားမယ်လို့လည်း ပြောထားပါတယ်။
Source: Reuters




