Home
နိုင်ငံတကာ
ဟောင်ကောင်၌ အပြင်းထန်ဆုံး မိုးသက်မုန်တိုင်း သတိပေးချက် ထုတ်ပြန်
DVB
·
August 6, 2025
Photo :Reuters

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ဘက် ပုလဲမြစ်ဝှမ်းဒေသဝန်းကျင်ရှိမြို့တွေမှာ သြဂုတ် ၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဥပဒေတရားရုံးတွေကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး  ဟောင်ကောင်မှာ လှေကားထစ်တွေ အများအပြားဟာ ရေတံခွန်လိုပုံစံ ပြောင်းလဲသွားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မြို့တော်ရဲ့ မိုးလေဝသအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ မနက် ၆ နာရီနဲ့ ၆ နာရီ ၅၉ မိနစ်ကြားမှာ ဟောင်ကောင်ရဲ့ ကောင်းကင်ယံမှာ လျှပ်စီးမိုးကြိုး အကြိမ် ၁၀,၀၀၀ လောက် လက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့တော်နဲ့ အနီးနားရှိ ကွမ်တုန်းပြည်နယ်မှာလည်း မိုးဆက်လက်ရွာသွန်းခဲ့တာမှာ တနာရီကို ၉၀ မီလီမီတာ (၃ ဒသမ ၅ လက်မ) မိုးရေချိန် ရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ရေလွှမ်းမိုးမှုကြောင့် မိုးလေဝသဗျူရိုဟာ ဟောင်ကောင်ရဲ့ အပြင်းထန်ဆုံး “အနက်ရောင်” မိုးသက်မုန်တိုင်း သတိပေးချက်ကို ညနေ ၃ နာရီအထိ အချိန်ထပ်တိုးခဲ့ပါတယ်။

ကွင်းန်မေရီဆေးရုံမှာလည်း ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် နေရာအများအပြားမှာ ရေလွှမ်းမိုးခဲ့ပြီး ဆေးရုံရဲ့ မတော်တဆမှုနဲ့ အရေးပေါ်ဝန်ဆောင်မှုဌာနတွေဆီ သွားရာ လမ်းတွေ ပြတ်တောက်ခဲ့ပါတယ်။

မနက် ၁၀ နာရီ ၄၀ မိနစ်မှာတော့ ရေနုတ်မြောင်းဝန်ဆောင်မှုဌာနဟာ ဌာနရဲ့ ဝင်ပေါက်မှာ ရေကြီး ရေလျှံမှုကို သက်သာစေဖို့ ရေပန့် ရေစုပ်စက်တွေ ချထားကာ လုပ်ဆောင်ခဲ့တာကြောင့် တချို့ လုပ်ဆောင်ချက်တွေကို ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သီတင်းပတ်ကုန်ရက်တွေအတွင်း တရုတ်နိုင်ငံတောင်ပိုင်းမှာ လူအသေအပျောက်ရှိတဲ့ လျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ မုန်တိုင်းတွေ ဝင်လာခဲ့တာပါ။

ကွမ်တုန်းပြည်နယ်မှာ လူ ၅ ယောက် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမား ၁,၃၀၀ ကျော် ပါဝင်တဲ့ အကြီးစားရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013