
တိုင်ဖွန်းမုန်တိုင်း ဝစ်ဖှာဟာ လေတိုက်နှုန်း တနာရီ ၁၀၃ မိုင်နှုန်းနဲ့ တိုက်ခတ်နေလို့ ဟောင်ကောင်မှာ အမြင့်ဆုံး မုန်တိုင်းသတိပေးချက်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပြီး လေကြောင်းခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။
မြို့ရဲ့ မိုးလေဝသစောင့်ကြည့်ရေးဌာနက မုန်တိုင်းအချက်ပြမှုကို ဒေသစံတော်ချိန် မနက် ၉ နာရီ ၂၀ မိနစ်မှာ အမှတ် ၁၀ ဆီ မြှင့်တင်ခဲ့ပြီး ဒီအဆင့်မှာ အချိန်အတိုင်းအတာတခုအထိ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။
အခုနှစ်ရဲ့ ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း ဝစ်ဖှာဟာ စနေနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး အဝါရောင်သတိပေးချက်ကို သက်တမ်းတိုးလိုက်တယ် လို့ တရုတ်မိုးလေဝသဌာနက ပြောပါတယ်။
သောကြာနေ့မနက်အစောပိုင်းမှာ ဖိလစ်ပိုင်အရှေ့ဘက်က အပူပိုင်းမုန်တိုင်းငယ် ပိုအားကောင်းလာပြီး ဝစ်ဖှာ အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်လာခဲ့တာပါ။
မုန်တိုင်းဟာ တနာရီကို ၂၅ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ဆီ ရွေ့လျားနေပြီး ပိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့နဲ့ တောင်ပိုင်းအပူပိုင်းဒေသ ဟိုင်နန်ပြည်နယ် ဝမ်ချန်မြို့ကြား ကမ်းရိုးတန်းဒေသတလျှောက် ကုန်းတွင်းပိုင်းဆီ မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနက ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ ကွမ်တုံ၊ ကွမ်းရှီးနဲ့ ဟိုင်နန်ပြည်နယ်တို့မှာ ရေကြီးရေလျှံမှုအတွက် Level-IV အရေးပေါ်တုံ့ပြန်မှုတရပ်ကို စနေနေ့မှာ စတင်ခဲ့ပါတယ်။
ပြည်နယ်ရဲ့မြို့တော် ရှန်းကျန်းမှာ အခုနှစ် မိုးသက်မုန်တိုင်းတွေအတွက် ပထမဆုံး အနီရောင် သတိပေးချက်ကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပြီး မုန်တိုင်းလမ်းကြောင်းရဲ့ အပြင်ဘက်မှာရှိတဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း ဖှုကျန်း ပြည်နယ်မှာလည်း အလားတူ အရေးပေါ်တုံ့ပြန်မှုကို သောကြာနေ့က စတင်ခဲ့ပါတယ်။
ဟိုင်နန်မြို့တော် ဟိုင်ကူက ပင်လယ်ဆိပ်ကမ်းသုံးခုကို စနေည ၉နာရီခွဲကစပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သလို ကွမ်တုံပြည်နယ်ရေကြောင်းအာဏာပိုင်တွေက ကမ်းလွန်ဆောက်လုပ်ရေး ပလက်ဖောင်းတွေနဲ့ ပင်လယ်ပြင်မွေးမြူရေးခြံတွေက ဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။
လက်ရှိအချိန်အထိ ကမ်းလွန်လုပ်သား စုစုပေါင်း ၁၂,၀၀၀ ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းထားပြီး ကမ်းလွန်ငါးဖမ်းလှေ ၅၂၃ စင်းလည်း မုန်တိုင်းခိုဖို့ ဆိပ်ကမ်းတွေဆီ ပြန်ရောက်နေပါတယ်။
Source: Reuters