ဆောင်းဦးရာသီအလယ် ပွဲတော်မတိုင်ခင် ဟောင်ကောင်မြို့ကို လင်းလက်စေတဲ့ ပွဲတော်မှာ ရာစုနှစ်ချီ သက်တမ်းရှိနေပြီဖြစ်တဲ့ မီးနဂါးအကကို ကြည့်ဖို့ အောက်တိုဘာ ၅ ရက်ညက ဟောင်ကောင်မြို့ ထိုက်ဟန်းရပ်ကွက်ထဲက လမ်းကျဉ်းလေးတွေမှာ ပွဲကြည့်သူတွေနဲ့ ပြည့်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်ကစတဲ့ ရိုးရာပြပွဲမှာ လူတွေ ပြည့်ကျပ်နေတဲ့ လမ်းတွေကြားမှာ ၆၇ မီတာရှည်တဲ့ နဂါးကို ပါဝင်ဆင်နွှဲသူ အယောက် ၃၀၀ ကျော်က ချီတက် ဖျော်ဖြေခဲ့ပါတယ်။
သောင်းနဲ့ချီတဲ့ အမွှေးတိုင်တွေ ဖုံးလွှမ်းနေတဲ့ နဂါးရဲ့ မြင်ကွင်းကို ရိုက်ကူးဖို့ ကြည့်ရှုအားပေးနေကြတဲ့ ပရိသတ်တွေက ဖုန်းတွေကို ကိုင်မြှောက်ထားကြပါတယ်။
ခဏအနားယူချိန်မှာ ဖျော်ဖြေသူတွေက နဂါးဆီကနေ မီးထွန်းထားတဲ့ အမွှေးတိုင်တဝက်ကို ဖယ်ရှားပြီး ပရိသတ်တွေဆီ ဖြန့်ဝေပေးပါတယ်။ ဒါဟာ ရှေ့နှစ်အတွက် ကံကောင်းခြင်းတွေ၊ ကောင်းချီးတွေနဲ့ ကျန်းမာခြင်းတို့ကို ဆောင်ကြဉ်းပေးတဲ့ သင်္ကေတလို့ ယုံကြည်ကြပါတယ်။
မီးနဂါးအကဟာ ၁၉ ရာစုနှောင်းပိုင်းမှာ ထိုက်ဟန်းဒေသမှာ ပလိပ်ရောဂါကိုဖယ်ရှားဖို့ ရိုးရာဓလေ့ တရပ်အနေနဲ့ စတင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ မီးနဂါးအကကို တရုတ်နိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ပွဲတော်ဟာ အောက်တိုဘာ ၆ ရက်မှာ ကျရောက်တဲ့ ဆောင်းဦးပွဲတော် အပါအဝင် ၃ ညတာ ကြာမြင့်ပြီး အောက်တိုဘာ ၇ ရက် အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
Source: Reuters