
အာဂျင်တီးနားမြို့တော်၊ ဗျူနိုအေးရိစ်မြို့ရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ စက်မှုဇုန်မှာ နိုဝင်ဘာ ၁၄ ရက်ညက မီးအကြီးအကျယ်လောင်ပြီး အပြင်းအထန် ပေါက်ကွဲခဲ့ပေမဲ့ သေဆုံးသူ မရှိသေးဘူးလို့ မီးသတ်သမားတွေက ပြောပါတယ်။
မြို့တော်ရဲ့တောင်ဘက်က ဓာတုဗေဒစက်ရုံတွေ အများအပြားနဲ့ တခြားကုန်ထုတ်လုပ်မှု လုပ်ငန်းတွေရှိရာ စက်မှုဇုန်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၂၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပြည်နယ်အတွင်း ကားလို့စ်စပီဂါဇီနီမြို့နယ်ထဲက စက်ရုံဝင်းထဲမှာ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုထုတ်ကုန်တွေရှိရာ အဆောက်အအုံ ၃ ခုကို မီးလောင်ခဲ့လို့ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ထရစ္စတန် ဆွာရက်ဇ် မီးသတ်ဌာနအရာရှိကို ကိုးကားပြီး ရိုက်တာသတင်းမှာရေးပါတယ်။
အနက်ရောင်နဲ့ လိမ္မော်ရောင် မီးခိုးတွေက အီဇီဇာစည်ပင်ဒေသရဲ့ ကောင်းကင်ပေါ်ကို မီတာရာချီ ထိုးတက်နေပြီး မတူတဲ့ ဓာတုစက်ရုံတွေမှာ မီးလောင်ပေါက်ကွဲခဲ့လို့ အခြေအနေက ပြင်းအားရော ပမာဏပါ အင်မတန်ကြီးတယ်လို့ မြို့တော်ဝန်က C5N သတင်းဌာနကို ပြောပါတယ်။
အရေးပေါ်အခြေအနေ ဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ကနဦးအလုပ်တွေ စလုပ်နေပြီး စက်ရုံလုပ်သားတွေရဲ့ ပြောဆိုချက်တွေနဲ့ လုံခြုံရေး ကင်မရာတွေက စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမယ်လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။
မီးကို ထိန်းချုပ်ငြှိမ်းသတ်ဖို့ ကြိုးစားနေပေမဲ့ မငြိမ်းနိုင်သေးဘူးလို့လည်း ဆက်ပြောပါတယ်။ ကြိုတင်သတိထားတဲ့အနေနဲ့ မီးလောင်ပြင်ဆီသွားတဲ့ လမ်းတွေထဲက တခုကို ပိတ်ထားလို့ ညနေ ရုံးဆင်းချိန်မှာ ယာဉ်ကြောက သိသိသာသာ နှေးကွေးသွားခဲ့ပါတယ်။
Source: Reuters


