
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မြောက်ပိုင်း၊ ကလာပါ့ဂါ့ဒင်းခရိုင်က အစိုးရအထက်တန်း ကျောင်းဝင်းအတွင်းရှိ ဗလီတလုံးမှာ နိုဝင်ဘာ ၇ ရက်က ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၄ ယောက် ဒဏ်ရာရသွားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန်အတွင်း ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တာဖြစ်ပြီး လူပေါင်း ဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိကြလို့ ဆေးရုံပို့ထားရပြီး ကျောင်းဝင်းအပြင်ဘက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုံးရှင်းလင်းရေးအဖွဲ့ကိုလည်း အခင်းဖြစ်ပွားရာနေရာကို စေလွှတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း မြို့တော်ရဲတပ်ဖွဲ့မှူး အာဆက်ပ် အီဒီ ဆူးဟယ်ရီက ပြောပါတယ်။
ဒဏ်ရာကြောင့် ဆေးရုံတက်ရောက်သူဦးရေမှာ ၅၄ ယောက်ရှိကြောင်းလည်း ရဲမှူးက ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲမှာ အသေးစားဒဏ်ရာတွေကနေ ပြင်းထန်တဲ့ ဒဏ်ရာတွေအထိ ရှိကာ မီးလောင်ဒဏ်ရာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားရုပ်သံသတင်းဌာနတွေမှာတော့ ကျောင်းအပြင်ဘက်မှာ ရဲတပ်ဖွဲ့ရဲ့ တားမြစ်စည်းတိပ်ပြားကြိုးတွေနဲ့ ဝန်းရံပတ်ချည်ထားပြီး လူနာတင်ယာဉ်တွေ အသင့်ရှိနေတဲ့ ဗီဒီယိုတွေကို ထုတ်လွှင့်ခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ဗလီမှာတော့ ကြီးကြီးကျယ်ကျယ် ပျက်စီးမှုမရှိကြောင်း ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Source: Reuters


