
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဖာမွန်းကျေးရွာအုပ်စု၊ ကောင်ရွေရွာ ပန်သခွားစာသင်ကျောင်းအနီး မီးရှူးမီးပန်း ပြုလုပ်ချိန် ပေါက်ကွဲမှုဖြစ်ပွားပြီး တယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် ဒီနေ့မနက် ၉ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသား ၂ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိပြီး နေအိမ်တလုံးလည်း မီးလောင်ကျွမ်းသွားတယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးပါဝင်နေသူတယောက်က “မီးရှူးမီးပန်းလုပ်ရင်း ပေါက်ကွဲမှု ဖြစ်တယ်။ အမျိုးသမီးတဦးတော့ မီးက အရမ်းပြင်းနေတော့ မီးထဲမှာပဲ ပွဲချင်းဆုံးသွားတယ်။ မီးရှူးမီးပန်း လုပ်တာ အရမ်းအန္တရာယ်များတယ်။ နည်းနည်းမှားတာနဲ့ မီးပွင့်ပြီး ပေါက်ကွဲတတ်တာမို့ မပေါ့ဆကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
မီးလောင်ရာနေရာကို မီးသတ်တပ်ဖွဲ့ ကား ၃ စီးနဲ့ လာရောက်မီးငြှိမ်းခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ ကြက်ခြေနီအဖွဲ့က အရေးပေါ်လူနာတင်ယာဉ်နဲ့ စစ်စံထွန်းဆေးရုံ ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ကလောမြို့၊ ရပ်ကွက် ၃ ရှိ ရွာသစ် ဘုန်းကြီးကျောင်းမှာ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့အတွက် မီးရှူးမီးပန်းတွေ ပြုလုပ်ရာက ယမ်းပေါက်ကွဲမှု ဖြစ်ပွားပြီး သံဃာ ၂ ပါးနဲ့ လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။




