
ဟောင်ကောင်က အထပ်မြင့်တိုက်တွေမှာ အကြီးအကျယ် မီးလောင်မှုကြောင့် သေဆုံးသူဦးရေဟာ လက်ရှိမှာ ၁၂၈ ယောက်အထိရှိလာပြီး လူအယောက် ၁၅၀ လောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း အန္တရာယ်ရှိပြီး မီးလောင်ပျက်စီးနေတဲ့ အဆောက်အအုံတွေကို လိုက်ရှာချိန်မှာ သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
မူလက ပျောက်ဆုံးနေသူအရေအတွက် ၂၀၀ ကနေ ၁၅၀ အထိ လျှော့ကျသွားတာဖြစ်ပြီး ကနဦးမှာ ပျောက်နေတယ်လို့ သတင်းပို့ထားတဲ့ မိသားစုဝင်တွေနဲ့ ပြန်ချိတ်ဆက်နိုင်ခဲ့တာကို ရဲတွေက ဆွေမျိုးတချို့နဲ့ အတည်ပြုခဲ့ပါတယ်။
ရုပ်ကြွင်းတွေကို ရှာဖို့လွှတ်ထားတဲ့ ရဲအရာရှိရာပေါင်းများစွာက နောက်ထပ်အလောင်းတွေကို မတွေ့သေးပေမဲ့ ကြောင်သုံးကောင်နဲ့ လိပ်တကောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
ဟောင်ကောင်ရှိ လူနေအိမ်ရာဝင်းတခုမှာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းမှာ မီးစလောင်ခဲ့တာဖြစ်ပြီး အဆောက်အအုံဝင်းထဲမှာ ၃၂ ထပ်တိုက် ရှစ်တိုက် ရှိတဲ့အထဲက ၇ တိုက်ကို မီးက အမြန်ကူးစက် လောင်ကျွမ်းခဲ့ပါတယ်။
တိုက်တွေကို ဝါးတိုင်တွေ အစိမ်းရောင် ဆန်ခါ (ဇကာ) တွေနဲ့ ထုပ်ပိုးထားပြီး ပြန်ပြင်ဖို့ ဖော့နဲ့ လုပ်ထားတဲ့ အပူလျှပ်ကာပြားတွေနဲ့ အလွှာလိုက် ဖုံးအုပ်ထားတဲ့အတွက် မီးကူးစက်ဖို့ ပိုလွယ်ခဲ့တာဖြစ်ပါတယ်။
Source: Reuters


