
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စပါးရိတ်သိမ်းနေကြတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် သားအမိ ၂ ယောက် သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်က ကျောက်ဖြူမြို့နယ်၊ လိပ်ပြင်ဒွိန်ကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင် မိသားစု ၃ ယောက် လယ်ကွင်းထဲမှာ စပါးရိတ်သိမ်းနေချိန် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးဒဏ်ကြောင့် မိခင်ဖြစ်သူနဲ့ သမီးကြီးဖြစ်သူတို့ နေရာမှာတင် သေဆုံးခဲ့ကြပြီး မိခင်ရဲ့ညီမ ဖြစ်သူကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အခင်းဖြစ်ကြတာက လယ်ကွင်းမှာ သူတို့က စပါးရိတ်သိမ်းနေကြတာ။ အဲဒီမှာ စစ်ကောင်စီရဲ့ ဒရုန်းတစင်းက ဗုံးကြဲချခဲ့တာလို့ သိရတယ်။ အမေဖြစ်သူနဲ့ သမီးအကြီးဖြစ်သူကတော့ အခင်းဖြစ်တဲ့ နေရာမှာတင် သေသွားပြီးတော့ မိခင်ဖြစ်သူရဲ့ ညီမကတော့ ဒဏ်ရာရရှိသွားတာကြောင့် ဆေးကုသမှု ခံယူနေရတယ်။”
သေဆုံးသွားသူတွေကတော့ ကျောက်ဖြူမြို့နယ် ဝါးတောကျေးရွာနေ ဒေါ်မဝင်းကြည် (၆၀ နှစ်) နဲ့ သမီးဖြစ်သူ မခင်ဝင်းတင် (၃၈ နှစ်) တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူကတော့ ဒေါ်မဝင်းကြည်ရဲ့ ညီမ ဒေါ်မဝင်းနု (၅၀ နှစ်) ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြဆဲဖြစ်ပြီး စစ်တပ်က ကျောက်ဖြူမြို့နယ်က အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
နိုဝင်ဘာ ၁၇ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ တောင်ငူနဲ့ အလယ်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူတယောက် အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ရေးပြင်းထန်နေကြတဲ့ ကျောက်ဖြူမြို့မှာ စစ်တပ်က လေကြောင်းအားကိုးပြီး တိုက်ခိုက်လာနေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ် အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။


