
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ လတ်တလော တိုက်ပွဲပြင်းထန်တာမရှိပေမဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ပစ်ခတ်တာတွေ တောက်လျှောက်ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာမှာ ဒီဇင်ဘာ ၇ ရက် ညက ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မျောက်ဖြူကျေးရွာဘက်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မျောက်ဖြူဘုန်းကြီးကျောင်း ထမင်းစားဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ကိုရင်တပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“မနေ့က ၁၁ နာရီထိုးခါနီးလောက်မှာ မလောင်ရွာ ဇော်လွင်ဦး အိမ်မှာ ဒရုန်းဗုံး ၂ လုံးကျတယ်။ သူရော သူ့အမေရောအပါ အိမ်သား ၃ ယောက် ဆုံးသွားတယ်။ ၇ လသား ကလေးပဲ ကျန်ခဲ့တယ်။ ကလေးကတော့ ဘာမှမဖြစ်ဘူး။ ထိခိုက်တာလည်း မရှိဘူး။ ဒရုန်းဗုံး ၂ ခေါက်ကျတာ ပြည်သူတွေထိတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်။ ပြီးတော့ မနေ့ညက ၁၂ နာရီ ဝန်းကျင်လောက်ကလည်း မျောက်ဖြူ ဘုန်းကြီးကျောင်းနားကို ၁၂၀ နှစ်ခု ဒရုန်းနဲ့ လာချတယ်။ ဘုန်းကြီးကျောင်းသားတယောက် ထိတယ်။ ဘုန်းကြီးကျောင်းက ထမင်းစားဆောင်က ပျက်စီးသွားတယ်။ ဖားကန့်တပ်မကုန်းကတော့ ည ၇ နာရီကျော်လောက်ကစပြီး လက်နက်ကြီး တောက်လျှောက်ပစ်တာ ကြားရတယ်။”
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ဖားကန့် လုံးခင်းမြို့နယ်ထဲ ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် သေဆုံးပြည်သူ ၁၀၀ နီးပါးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသကို စစ်တပ်က နိုဝင်ဘာ ၈ ရက်က အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ ဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၉ ရက်က စတင်ကာ ဖားကန့်၊ လုံးခင်းနဲ့ မှော်စီစာ ကျေးရွာတလျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ နိုဝင်ဘာလ နောက်ပိုင်းကစပြီး တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်ရှိနေပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလလောက်ကတည်းကနေ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေဟာ အခု နိုဝင်ဘာလအထိ ကားမိုင်း - နန့်ယား လမ်းတလျှောက်၊ လုံးခင်း၊ မှော်စီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေမှာ တပ်ဖြန့်ချထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဖားကန့်ဒေသမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာ မရှိပေမဲ့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ပစ်တာတွေကတော့ တောက်လျှောက်ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကြောင်းတွေက ညောင်ပင်ကုန်း၊ ဆန်းကြွယ်ဘုရားကုန်း၊ သောင်းချို၊ မော်မောင်းလျန်၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး၊ ဆွတ်ငိုင်ယန်၊ အမှိုက်ပုံ၊ မှော်စီစာဘုန်းကြီးကျောင်း ပတ်လည်တကျော အဲ့နေရာတွေမှာ နေရာယူထားတာပေါ့။ ဖားကန့်မှာက လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ နေ့တိုင်း တောက်လျှောက်လုပ်နေကြတယ်။ သေနတ်ပစ်သံတော့ တခါတလေ ကြားရတယ်။”
စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်စီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့အတွက် နိုဝင်ဘာ ၆ ရက်မှာ ဖားကန့် ကားမိုင်း-နန့်ယား လမ်းပိုင်းကနေ ရဲတပ်သားတွေ အပါအဝင် စစ်ကြောင်းထိုးတက်လာတာ ဖြစ်ပါတယ်။
ဟန်န


