
တရုတ်နိုင်ငံအရှေ့ပိုင်းက ရေကြောင်းလမ်းပေါများတဲ့ ကျဲ့ကျန်းပြည်နယ်နဲ့ တောင်ထူထပ်တဲ့ နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တို့မှာ စီးပွားရေးလုပ်ငန်းတွေမှာ ဒရုန်းအသုံးပြုမှုဟာ အမြင့်ဆုံးအဆင့်အထိ တိုးတက် ရောက်ရှိခဲ့ပါတယ်။
ဒရုန်းတွေကို အခြေအနေအမျိုးမျိုးမှာ အသုံးချမှုနဲ့အတူ တရုတ်နိုင်ငံရဲ့ အမြန်တိုးတက်နေတဲ့ အနိမ့်ပျံစီးပွားရေးလုပ်ငန်းကို တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီ တွန်းအားပေး မောင်းနှင်နေပါတယ်။
ကျဲ့ကျန်းပြည်နယ်၊ ထိုက်ကျိုးမြို့မှာတော့ မကြာသေးမီက သူ့ရဲ့ ကျွန်းတွေဆီကို ပြည်မကြီးနဲ့ ချိတ်ဆက်ပြီး စံသတ်မှတ်ထားတဲ့ ဒရုန်းလမ်းကြောင်း ၁၂ ခုကို စတင်ခဲ့ကာ ကီလိုမီတာချီပြီး ဝေးတဲ့ အကွာအဝေးကို ဖြတ်ကျော်ပြီး ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ခဲ့ပါတယ်။
“မိုဘိုင်းဖုန်းတလုံးကို ဒရုန်းနဲ့ပို့ရင် ၁၈ ယွမ် (အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခွဲ) သာ ကုန်ကျတယ်။ မြို့လယ်ဆီ သွားဝယ်ရင် အသွားအပြန် လှေခအတွက် ယွမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ၃ ဒေါ်လာ) ကျော်ပေးရပြီး တနေ့လုံး အချိန်ကုန်မယ်။ နှိုင်းယှဉ်ကြည့်ရင် ဒရုန်းနဲ့ပို့တာ ပိုအဆင်ပြေပြီး ပိုမြန်တယ်” လို့ ထိုက်ကျိုးအခြေစိုက် အနိမ့်ပျံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတခုရဲ့ ဝန်ထမ်း ချန်ကျန်းလွန်က ပြောပါတယ်။
ဒရုန်းတွေကို ကုန်ပစ္စည်း ပို့ဆောင်ရေးသာမက ကျွန်းထောက်ပံ့ပို့ဆောင်ရေး နေ့စဉ်ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ပါ သုံးကြပါတယ်။
လတ်ဆတ်တဲ့ စားစရာတွေ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုပါ ဦးတည်ရာဆီ အချိန်မီရောက်စေနိုင်ပြီး ကျွန်းနေပြည်သူတွေဟာ ပြည်မကြီးလို အရည်အသွေးမြင့် ဘဝကို ခံစားနိုင်စေပါတယ်။
မြွေဆိပ်ဖြေဆေးနဲ့ ကာကွယ်ဆေးတချို့ကို ဆေးရုံဆီ ဒရုန်းနဲ့ ချက်ချင်းပို့ပေးခဲ့တယ်။ အရေးပေါ်လူနာတွေကို ကုဖို့ အဖိုးတန်အချိန်တွေကို သက်သာစေခဲ့တယ်လို့ ထိုက်ကျိုးမြို့ရှိ ဒါချန်ဆေးရုံရဲ့ အကြီးအကဲ ဟွမ်ယွမ်ဖူးက ပြောပါတယ်။
စီချွမ်ပြည်နယ်၊ ဖန်ကျိုးခရိုင်၊ ကွေ့ဟွာမြို့ဟာ တောင်တန်းရှုခင်းသာတွေကြောင့် နာမည်ကြီးပြီး ဒရုန်းစမ်းသပ်မှုအတွက် အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်နေပါတယ်။
အခုနှစ်မှာ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ စမ်းသပ်စစ်ဆေးရေးနေရာတခုဟာ ဈေးကွက်မှာ မရောင်းချမီ ထုတ်ကုန်အသစ်တွေကို ကွင်းဆင်းအကဲဖြတ်ဖို့ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
စမ်းသပ်လုပ်ငန်းတွေ တိုးပွားလာတာနဲ့အတူ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ဒရုန်းနည်းပညာအတွက် လက်တွေ့အသုံးချမှုတွေကို တပြိုင်နက်တည်း တီထွင်နေကြပါတယ်။
ကော်ဖီနဲ့ လယ်ယာထွက်ကုန်ပို့ဆောင်တာလိုမျိုး အထူးပြုလမ်းကြောင်း ၅၀ ကျော်ကို တခုပြီးတခု ဖွင့်လှစ်ခဲ့ပြီး ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အများကြီး ဆွဲဆောင်ခဲ့ပါတယ်။
Source: Reuters


