
ရှမ်းပြည်နယ် မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ် ၁၃ မျဉ်းစောင်း) ကိုင်ဆောင်တဲ့ ကျားဖြန့် တရုတ်တွေကို ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ၊ ရန်ကုန်အရောက် ခေါ်ယူသယ်ဆောင်ခ တယောက်ကို ကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ပေါက်စျေးရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေက အရင်က အကာအကွယ်ပေးထားရာကနေ အခုရက်ပိုင်းမှာ နှိမ်နင်းပြနေတဲ့အတွက် အဲဒီက ထွက်ပြေးလာသူတွေထဲက ရှမ်းပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူ အများအပြား မြဝတီ၊ ဘားအံနဲ့ ဆက်စပ်မြို့တွေဆီ ရောက်ရှိလာကာ ပိတ်မိနေကြပါတယ်။
တရုတ်နိုင်ငံသားတချို့ဟာလည်း စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းတွေကို လာဘ်ထိုးပြီး ရှမ်းပြည်နယ်မှတ်ပုံတင်ကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူ ကိုင်ဆောင်ထားကြတာဖြစ်ပြီး အခုအချိန်မှာ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ဖမ်းဆီး၊ စစ်ဆေးခံရဖို့ ရှိတာကြောင့် ခရီးဆက်ဖို့ အခက်ကြုံနေကြတာ ဖြစ်ပါတယ်။
အဲဒီသူတွေအနေနဲ့ ရန်ကုန်မြို့အထိ သွားနိုင်ဖို့အတွက် လူမှောင်ခိုသမားတွေကို ချိတ်ဆက်ပြီး ကြိုးစားနေကြသလို ကယ်ရီခ အဆမတန် တောင်းယူတာတွေ ရှိလာတယ်လို့ မြဝတီလမ်းပိုင်းက မှောင်ခိုသမားတယောက်က ပြောပါတယ်။
“အခု လမ်းစစ်ဆေးရေးဂိတ်တွေက ၁၃ မျဉ်းစောင်းတွေကို အာရုံစိုက်ပြီး ပိုစစ်နေတဲ့အချိန် ဖြစ်နေတာ။ တိုင်းရင်းသားအမှန်ဆို ကိစ္စမရှိဘူး၊ မြန်မာစကားတောင်မတတ်ဘဲ မှတ်ပုံတင် ဘယ်လိုရထားမှန်း မသိသူဆိုရင် သေပြီ။ တော်ရုံလည်း ခေါ်မသွင်းရဲဘူး။ ဒါကြောင့်လည်း ကယ်ရီစျေးက မြင့်တာ။ တယောက်ကို သိန်း ၅၀ ယူတဲ့အထိကို ရှိတာ။”
အဲဒီ မှောင်ခိုခေါ်သွင်းသူတွေက ဘားအံ၊ မော်လမြိုင်နဲ့ ပဲခူး လမ်းကြောင်းတလျှောက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို လိုင်းကြေးပေးပြီး ဖြတ်ရတာရှိသလို နည်းမျိုးစုံသုံးပြီး ကျော်လွှားရတာတွေရှိကာ ခရီးလမ်းတဝက်မှာတင် ဖမ်းမိသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လူမှောင်ခိုသမားတယောက်က “လိုင်းကြေးပေးပြီး ချိတ်ထားလည်း ပိုက်ဆံသာယူလိုက်တာ၊ အဖမ်းအဆီးကိစ္စ အာမ မခံဘူး။ ရွာလမ်းတွေကနေ ရှောင်ပတ်သွားတာမျိုးတွေလည်း ရှိတယ်။ နည်းလမ်းမျိုးစုံနဲ့တော့ လုပ်နေကြတာပဲ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မှတ်ပုံတင် ကိုင်ထားသူတွေဟာ မော်လမြိုင်၊ ကျိုက်ထိုမြို့တွေအထိ စိမ့်ဝင်၊ ပျံ့နှံ့နေပြီး ဟိုတယ်တွေမှာလည်း တရုတ်တွေနဲ့ပြည့်နေကာ တခြားခရီးသွားတွေအတွက် အခန်းလွတ် မကျန်တော့တာမျိုး ရှိနေတယ်လို့လည်း ပုံမှန်သွားနေတဲ့ ကုန်သည်တွေဆီက သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဝင်ရောက် နှိမ်နင်းခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ထုတ်ပြန်ခဲ့ကြပါတယ်။
ကျားဖြန့်လုပ်ငန်းအတွက် အသုံးပြုတဲ့ အဆောက်အအုံတချို့ကိုလည်း ဖောက်ခွဲဖျက်ဆီးပြခဲ့သလို လုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမဲ့ ကျားဖြန့်အဓိက တရားခံတွေကိုတော့ ဖမ်းဆီးအရေးယူတာတော့ မရှိသေးပါဘူး။
အမေရိကန်က ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက်မှာ အခုလို ကျားဖြန့်နှိမ်နင်းရေး တိုးမြှင့်လုပ်ဆောင်ပြလာတာလည်း ဖြစ်ပါတယ်။


