
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေဟာ မြဝတီမြို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အိမ်ငှားပြီး ပုန်းခိုနေကြတာနဲ့ ချိပ်ပိတ်ထားတဲ့ အိမ်တွေမှာ ကျူးကျော်နေထိုင်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမေရိကန်က ကျားဖြန့်နှိမ်နင်းရေးတပ် ဖွဲ့စည်းပြီးနောက် မြန်မာပြည်တွင်းမှာလည်း ကျားဖြန့်တွေကို နှိမ်နင်းပြနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လုံခြုံရေးယူပေးထားတဲ့ KK Park၊ ရွှေကုက္ကို၊ ဖလူး၊ မင်းလက်ပံ ကျားဖြန့်လုပ်ငန်းက ထောင်နဲ့ချီတဲ့ နိုင်ငံစုံက အလုပ်သမားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေဟာ လက်ရှိအချိန်အထိ မြဝတီမြို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ အိမ်ငှားနေထိုင်နေကြတာလို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။
“သူတို့(ကျားဖြန့်တွေ) ဘယ်လိုမှ မလှုပ်ရှားဘူး။ ပုန်းပြီးတော့ ခိုနေတာ။ တချို့ အိမ်ရှင်တွေကျတော့ မငှားဘူးလေ။ အရှုပ်အရှင်းတွေဖြစ်မှာကြောက်လို့ သူတို့က။ သူတို့ စုပြီး တူရာတူရာ ပုန်းနေတာလည်း ရှိတယ်။ ခိုနေတာလည်း ရှိတယ်။ သူတို့ အဆက်အသွယ်ရှိလိမ့်မယ်။ နေရာချပေးတဲ့သူရှိလို့ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး သူတို့ ခိုနေ ပုန်းနေလို့လည်း မရဘူးလေ။ မြို့ထဲဆိုတာ မြို့တွင်းတော့ မဟုတ်ဘူး။ မြို့ပြင်ဘက်ကျတဲ့နေရာတွေ။ (လက်နက်ကိုင်အဖွဲ့အစည်းတွေ) သူတို့နဲ့ပဲ ဆက်သွယ်တယ်။”
ဒါ့အပြင် နိုဝင်ဘာ ၂၃ ရက်က စစ်တပ်လက်အောက်ခံ DKBA တပ်ဖွဲ့ဝင် ဗိုလ်မှူးတယောက်နဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျားဖြန့်ငွေလိမ်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ တရုတ်လူမျိုးတွေကို ချိပ်ပိတ်ထားတဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်ပြီး ဝှက်ထားပေးခဲ့ပါတယ်။
အခုလို ချိပ်ပိတ်ထားတဲ့နေအိမ်မှာ တရုတ်နိုင်ငံသားတွေ ဝှက်ထားတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားခဲ့တာကြောင့် နိုဝင်ဘာ ၂၇ ရက် ညမှာ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
မြဝတီမြို့ခံတယောက်က “ချိပ်ပိတ်ထားတဲ့ အိမ်ကို တော်ရုံတန်ရုံ စဉ်စားကြည့်လေ။ သူက ဘယ်အရပ်သား ဘယ်ပြည်သူက ဒီချိပ်ပိတ်ထားတဲ့အိမ်ကို ဝင်ရောက်စွက်ဖက်လို့လဲ။ မဖြစ်ဘူးလေ။ ပိုင်ရာဆိုင်ရာနဲ့ သူတို့ဟာနဲ့ သူတို့။ သူတို့ပိုင်လို့ သူတို့လုပ်ကြတာဖြစ်မယ်။ အမတို့ ပြည်သူတွေကတော့ ချိပ်ပိတ်ထားတဲ့အိမ်ကို ဘယ်သူမှ ဝင်ပြီးတော့ မလုပ်ရဲဘူး” လို့ ပြောပါတယ်။
ဒါကြောင့် ဘယ်သူမှ ကျူးကျော်ဝင်ရောက်ခွင့်မရှိတဲ့ ချိပ်ပိတ်ထားတဲ့နေအိမ်မှာ ကျားဖြန့်ကနေ ထွက်ပြေးလာတဲ့ တရားမဝင် နိုင်ငံခြားသားတွေ ဝှက်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က “ချိပ်ပိတ်ထားတဲ့ အိမ်ထဲမှာ ဘယ်သူ တဦးတယောက်ကမှ နေထိုင်ပိုင်ခွင့် မရှိဘူးလေ။ ချိပ်ပိတ်ထားတယ်ဆိုတာ ပိုင်ရှင်မဲ့ဖြစ်သွားတာ မဟုတ်ဘူး။ ပိုင်ရှင်ရှိနေပြီးသား။ အမှုအခင်းနဲ့ပတ်သက်ပြီးတော့ အမှုရင်ဆိုင်နေရတဲ့အတွက် ဘယ်သူမှ နေထိုင်ခွင့်မရှိဘူး။ ဒီဥစ္စာက ဥပဒေက တားမြစ်ထားတဲ့ ကိစ္စမှာ သူတို့ ချိုးဖောက်တယ်ဆိုတာ နည်းနည်းလေးမဟုတ်ဘူး။ အဲဒီကောင်က အပြစ်ကြီးတယ်။ ဒီချိပ်ပိတ်ထားတဲ့နေရာမှာ ချိပ်ကို ချိုးပြီး ဝင်တယ်ဆိုတာ အစိုးရအာဏာကို ဆန့်ကျင်ပြီး လုပ်ကြတာပဲလေ။ တရားမဝင် နိုင်ငံခြားသားတွေကို သိုဝှက်ထားတာ။ နိုင်ငံခြားသားက ရိုးရိုး နိုင်ငံခြားသား မဟုတ်ဘူး။ ဒီ ကျားဖြန့်လိမ်လည်တဲ့ဟာတွေကို လုပ်ထားတာ။ ထိထိရောက်ရောက် အရေးယူသင့်တယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက် မနက် ၁၁ နာရီလောက်က မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်မှာ ကျားဖြန့်လုပ်ကိုင်ဖို့ အငှားချထားတဲ့ BGF တယောက်ရဲ့ နေအိမ်ကို လိုင်းကြေးသွားကောက်ရင်း BGF တပ်ဖွဲ့ဝင်တွေ အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ယောက်က နေအိမ်က ထွက်ပြေးသွားခဲ့တဲ့အတွက် BGF တပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
အောင်ခန့်


