
ဂျပန်စစ်လေယာဉ်ကို တရုတ်ဂျက်တိုက်လေယာဉ်တွေက ပစ်ခတ်ဖို့ ချိန်ခဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်က ပြောပါတယ်။
တိုကျိုမြို့မှာ ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ရစ်ချက်မာလက်က တရုတ်လေယာဉ်ရဲ့ လုပ်ဆောင်ချက်က စိုးရိမ်စရာကောင်းတယ်လို့ ပြောဆိုခဲ့တာပါ။
တရုတ်ဂျက်လေယာဉ်တွေဟာ ဂျပန်၊ အိုကီနာဝါကျွန်းမှာရှိတဲ့ ဂျပန်စစ်လေယာဉ်တွေကို ပစ်ခတ်ဖို့ချိန်ရွယ်တဲ့ ရေဒါစနစ်နဲ့ ၂ ကြိမ် ချိန်ရွယ်ခဲ့ပြီး ဒါဟာ အန္တရာယ်ရှိတဲ့လုပ်ဆောင်မှုအဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
တရုတ်စစ်လေယာဉ်တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်က ပြတ်ပြတ်သားသားနဲ့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမိကလည်း ပြောထားပါတယ်။
တိုက်လေယာဉ်တစင်းရဲ့ ရေဒါလော့ချပြီး ပစ်မှတ်ထားတာက အန္တရာယ်အကြီးဆုံး ခြိမ်းခြောက်တဲ့ လုပ်ရပ်တခုလည်းဖြစ်ပါတယ်။
ပစ်မှတ်ထားခံရတဲ့ လေယာဉ်ကို တိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ဒီလုပ်ရပ်က တရုတ်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးတင်းမာနေမှုကို ပိုမိုမြင့်တက်စေပါတယ်။
ထိုင်ဝမ်ကို ကျူးကျော်ပါက တရုတ်ကို စစ်ရေးအရ တုံ့ပြန်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်တာကာအိချိရဲ့ သတိပေးချက်အပြီးမှာ တရုတ်နဲ့ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေး တင်းမာနေတာပါ။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို စစ်ရေး၊ နိုင်ငံရေးတို့နဲ့ ဖိအားပေးနေပြီး ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်တယ်ဆိုတဲ့ ကြေညာချက်ကို ထိုင်ဝမ်အစိုးရက ပယ်ချထားပါတယ်။
ထိုင်ဝမ်ကျွန်းဟာ ဂျပန်နိုင်ငံအနောက်ဘက်စွန်းမှာရှိတဲ့ ယိုနာဂူနီကျွန်းနဲ့ မိုင် ၇၀ အကွာမှာ တည်ရှိနေပါတယ်။
ဂျပန်နဲ့ ဩစတြေးလျတို့ဟာ ၂၀၂၂ ခုနှစ်က ၂ နိုင်ငံစစ်ရေး အပြန်အလှန်ကူညီမှုနဲ့ ပူးတွဲလေ့ကျင့်ဖို့ သဘောတူခဲ့ပြီ ၂၀၂၅ ခုနှစ်မှာလည်း ဩစတြေးလျနိုင်ငံအတွက် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ တန်ကြေးရှိတဲ့ စစ်သင်္ဘောတည်ဆောက်ရေး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အင်ဒိုပစိဖစ်ဒေသမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ကာကွယ်ဖို့ ၂ နိုင်ငံ ကာကွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဖို့ သဘောတူထားကြပါတယ်။
Source: Reuters


