
ကမ္ဘောဒီးယား ဒရုန်းကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုနေတဲ့ ကာဆီနိုရုံတခုကို ထိုင်း F-16 တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
ထိုင်းလူထုကို ခြိမ်းခြောက်နေတဲ့ ရော့ကတ်စခန်းတွေကိုလည်း လေတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက ဥဘွန်ရက်ချာဌာနီခရိုင် နယ်စပ်တဖက်ခြမ်းက ကာဆီနိုရုံကို ဗုံးကြဲခဲ့တာဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဝင်းထိုင်းဆူဗာရီက အတည်ပြုပါတယ်။
ကမ္ဘောဒီးယားဘက်က တာဝေးပစ်လက်နက်တွေ တပ်ဖြန့်လာတဲ့အတွက် ခုခံကာကွယ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
အထူးသဖြင့် တရုတ်လုပ် PHL-03 ရော့ကတ်တွေနဲ့ ဘူရီရမ်လေဆိပ်နဲ့ ဆူရင်ခရိုင်က ဆေးရုံတွေကို ပစ်ခတ်နိုင်ခြေရှိတာကြောင့် အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ရတာလို့ ထိုင်းစစ်ဘက်က သုံးသပ်ထားပါတယ်။
ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ကတော့ ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
“သူတို့က ကျုပ်တို့ကို အရင်လုပ်ခဲ့တာပါ။ ဒါကြောင့် ကျုပ်တို့က ပြန်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဇူလိုင်လတုန်းက လူ ၄၈ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲတွေအပြီး အပစ်အခတ် ရပ်စဲထားရာကနေ အခုတခါ ပြန်လည်တင်းမာလာတာ ဖြစ်ပါတယ်။


