
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ထန်းပင်ချောင်၊ ပျဥ်တောနဲ့ အင်ပင်လှရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၈ ရက် နေ့လယ် ၁၁ နာရီ ၄၀ မိနစ်လောက်နေ ၁၂ နာရီအထိ ဂျက်တိုက်လေယာဉ် ၄ စင်း၊ စက်တပ်လေထီး ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူတို့က အကုန်သိမ်းကျုံးကို ဗုံးကြဲချသွားတာ။ သူတို့ပစ်မှတ်က ကျောင်းသားတော်လှန်ရေးတပ်စခန်း (Student’s Revolution Force) တခုတည်းမဟုတ်ဘဲ အရပ်သားတွေရှိနေတဲ့ နေရာတွေကိုပါ ပတ်ကြဲချသွားတာ။ အခု သေဆုံးသူ ၂ ဦးရှိတယ်။ အမျိုးသားတဦး၊ အမျိုးသမီးတဦးပါ။ နောက်ထပ် သေဆုံးသူတွေလည်း ရှိနိုင်သေးတယ်။ စခန်းကြဲတာက ရဲဘော် ၁၀ ဦးလောက်ပဲ ထိတယ်။ သူတို့က စစ်ရေးအသိရှိနေတဲ့သူတွေလေ။ သေကြရတာက အရပ်သားကများမယ်။ နောက်ပြီး ထန်းပင်ချောင်ရွာက စာသင်ကျောင်းလည်း ပျက်စီးတယ်။ ဒေသခံတယောက်အနေနဲ့ စစ်တပ်ကို တိကျတဲ့ပစ်မှတ်မဟုတ်ဘဲ သိမ်းကျုံးလုပ်သွားတာကိုတော့ လုံးဝလက်မခံနိုင်ဘူး” လို့ ပြောပါတယ်။
အခုလို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချသွားတာကြောင့် ဒေသခံကလေးသူငယ်တွေ အပါအဝင် ပြည်သူတွေ ကြောက်လန့် စိုးရိမ်စိတ်နေကြတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “ကြဲချတဲ့နေရာတွေက SRF စခန်းအနီး တဝိုက်ကို ကြဲချတာမျိုးမဟုတ်ဘဲ အရပ်သားတွေနေတဲ့ ရွာတွေထဲ၊ တောတဲတွေထဲ၊ စာသင်ကျောင်းတွေအထဲကို ကြဲချတာ။ ကြဲချတဲ့ ဗုံးသီးအလုံးအရေအတွက်ကလည်း အရမ်းများတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် အရပ်သားများကိုပါ ပစ်မှတ်ထားနေတယ် ဆိုတာ သိသာပါတယ်။ အခုလည်း ထိခိုက်ဒဏ်ရာရသူ အရမ်းများတယ်။ လတ်တလောကတော့ ထိခိုက်သေဆုံးသူဦးရေ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
စစ်တပ်ကတော့ နိုဝင်ဘာလအတွင်းက စတင်ပြီး စစ်ရေးလှုပ်ရှားမှုကို မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားတာမျိုး မပြုလုပ်တော့ဘဲ လေကြောင်းကနေပဲ ပိုမိုလုပ်ဆောင်လာတာကိုလည်းတွေ့ရ ပါတယ်။


