
မန္တလေးမှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်၊ မမေချီ (ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းတို့ အပါအဝင် ၁၀ ယောက်ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဌာနက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ချမ်းအေးသာစံမြို့နယ် ဈေးချိုတော်အနီး ၂၉ လမ်းနဲ့ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ပျံကျဈေးအတွင်းမှာ ဒေါက်တာ တေဇာဆန်း ဦးဆောင်ပြီး ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်းတို့ အပါအဝင် ပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။
ဒီဇင်ဘာ ၄ ရက် ညနေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့တဲ့ ဈေးတန်းကိုလည်း ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ပြည်သူ ၂၉၃ ယောက်အထိ ရှိနေပြီလို့ DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။


