
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက “စက်တပ်လေထီး ၂ စီးနဲ့ ၁၂ ရက်နေ့ ည ၉ နာရီလောက်မှာ ဟင်္သာရွာကို ဗုံး ၂ ကြိမ် အကြဲခံရတယ်။ လူနေအိမ်တချို့ ပျက်စီးပြီးတော့ အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ကလည်း သမန္တပို့ရွာတောင်ပိုင်းကို စက်တပ်လေထီးနဲ့ပဲ ဗုံးကြဲခံရပြန်လို့ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် ဟင်္သာကျေးရွာက အသက် ၄၈ နှစ်အရွယ် ဦးဖိုးကျော်နဲ့ အသက် ၃၀ အရွယ် ကိုချစ်ကိုတို့ ၂ ယောက် သေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သမန္တပို့ကျေးရွာတောင်ပိုင်းက အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းနွယ်လည်း ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြို ပကဖ တပ်ဖွဲ့ဝင်တယောက်က “ဟင်္သာရွာက ရေစကြိုရဲ့တောင်ဘက် ၁၀ မိုင်လောက်ဝေးတယ်။ သမန္တပို့ရွာကတော့ မြို့ရဲ့ အရှေ့ဘက်လောက်မှာ ရှိတယ်။ အဲဒီဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာ မရှိဘူးဗျ။ ဟင်္သာရွာဘက်မှာဆို PDF စခန်းကို မရှိတာ။ ဗုံးကြဲသွားကြတဲ့ စက်တပ်လေထီးတွေကတော့ ပခုက္ကူ တပ်မ ၁၀၁ ထဲက တက်လာကြတာလို့တော့ သိရတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်မဲ့ ဗုံးခိုကျင်းတွေကို မဖြစ်မနေ တူးထားကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကိုလည်း ဂရုပြု လိုက်နာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆက်မပြတ် တိုက်တွန်းနေပါတယ်။


