မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “လက်ပန်လှရွာဆိုတာ မန္တလေး-မိုးကုတ် ကားလမ်းဆုံမှာရှိပြီး စည်ကားတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ ၁၅ ရက်နေ့ ညနေ ၆ နာရီမထိုးခင်လေးမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ရှေ့ဆင့်နောက်ဆင့် ကြဲချသွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လက်ပန်လှကျေးရွာမှာရှိကြတဲ့ လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့လည်း ဆိုပါတယ်။
Wetlet Informational Network မှ ကိုနဂါးလေးက “တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကြဲသွားတာပါ။ အဲဒီ လက်ပန်လှရွာက အရင်ရက်ပိုင်းကလည်း ဗုံးကြဲခံထားရတာကြောင့်ရယ်၊ အခု လေကြောင်းသတင်း ကြိုရတာရယ်ကြောင့်ရယ် ပြည်သူတွေ ထွက်ပြေးပုန်းအောင်းနေကြလို့ ထိခိုက်သေဆုံးတာတော့ မရှိပါဘူး။ လူနေအိမ် အများအပြား မီးလောင်နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေကတော့ များပါတယ်။ မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကတော့ မသိရသေးပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ညနေမှာ အဆိုပါ လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်သွားခဲ့လို့ ဒေသခံပြည်သူတယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိပြီး နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညနေမှာလည်း စစ်ကိုင်းတိုင်းအတွင်းက ကန့်ဘလူမြို့နယ်ထဲမှာရှိတဲ့ ပဇီကြီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သွားခဲ့လို့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့သလို သံဃာတော်တပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းကို နယ်မြေစိုးမိုးမှုရရှိရေးအတွက် မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ စဥ့်ကူးမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။








