Home
မြန်မာသတင်း
ရွေးကောက်ပွဲနေ့ မုံရွာနှင့် ဘုတလင်တို့တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
December 28, 2025

စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေတာနဲ့ တပြိုင်တည်းမှာ မုံရွာမြို့နယ် မြောက်ခြမ်းနဲ့ ဘုတလင်နယ် တောင်ခြမ်းတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီက သူတို့ကြေညာထားတဲ့အတိုင်း ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းကစပြီး အတုအယောင်ရွေးကောက်ပွဲ ပထမပိုင်းကို နိုင်ငံတဝန်း မြို့နယ်တချို့မှာ ပြုလုပ်နေတာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရပ်ကွက်တွေမှာ လှည့်ပြီး အတင်းအကျပ် မဲထည့်ဖို့ ဆွဲဆောင်တာ၊ ဆင်ခြေဖုံးတွေမှာ မဲရုံကို အတင်းဆွဲခေါ်ပြီး မဲထည့်ခိုင်းတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စောင့်ပြီး မဲထည့်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တဖက်မှာ အတင်းအကျပ် မဲထည့်ခိုင်းနေသလို PDF တွေ အားကောင်းတဲ့ မုံရွာမြို့နယ် မြောက်ခြမ်းနဲ့ ဘုတလင်နယ် တောင်ခြမ်းတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မုံရွာဒေသခံတယောက်က “လေကြောင်းတိုက်ခိုက်မှုက မနက် ၅ နာရီလောက်ကတည်းက၊ လေကြောင်းမလာခင်ကို ဟောင်ဝစ်ဇာက အခုအချိန်အထိဆို အကြိမ် ၂၀ လောက်ကို လှည့်ပစ်နေတာ၊ အဲဒါပြီးတော့ မိုးလင်းတော့ တခါ Y12 က လှည့်ပြီး ပစ်နေပါတယ်ဗျာ။ လေကြောင်းတိုက်ခိုက်မှုကို တောက်လျှောက်ပါပဲ။ ဘုတလင်တောင်ခြမ်းနဲ့ မုံရွာမြို့နယ် မြောက်ခြမ်းတွေမှာ အဆက်မပြတ် အသေခံဒရုန်းနဲ့ရော ချနေပါတယ်ဗျာ၊ မပြတ်ပါဘူး၊ ဗြောသံ စည်သံတွေ ညံနေပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ ဆာလင်းကြီး၊ ယင်းမာပင်နယ်တွေမှာတော့ တပ်စခန်းတွေရှိတဲ့ နေရာတွေမှာပဲ စစ်ကောင်စီက မဲရုံဖွင့်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲပေးထားတဲ့ သက်သေ လက်သန်းမှာ မင်မစွန်းတဲ့သူတွေကို ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

ဆားလင်းကြီးဒေသခံတယောက်က “ဆားလင်းဘက်ကတော့ အကုန်လုံး ထောက်ကြည့်လိုက်တာတော့ ဝမ်ပေါင်ထဲပဲ လုပ်နိုင်တာတဲ့။ ယင်းမာပင်မြို့ထဲကိုတော့ ပြည်သူလူထုတွေက အသွားအလာ ကန့်သတ်ထားတော့ကြ မသွားရဲဘူး။ အကြားနဲ့ဆိုလို့ ရှိရင်တော့ ခုချိန်အထိတော့ ရုတ်ရုတ် ရုတ်ရုတ်နဲ့ မဲထည့်တာတော့ မရှိဘူး။ ရွှေတောင်ဦးကုန်းပေါ်တို့ ဘာတို့ကတော့ သူတို့ စစ်တပ်စိုးမိုးထားတဲ့ နယ်မြေတွေဆိုတော့ အဲဒီနေရာတွေကတော့ ထည့်မှာတဲ့” လို့ ပြောပါတယ်။

ချောင်းဦးဒေသခံ အမျိုးသမီးတယောက်က “ချောင်းဦးမြို့ပေါ်ကလည်း သူတို့ဝန်ထမ်းပဲ ထည့်နိုင်မှာ၊ ပြည်သူက မရှိတော့ဘူး၊ ထည့်လည်းမပေးဘူး။ ပြည်သူတွေ အကုန်ရှောင်သွားတယ်။ အမြင့်မြို့ကလည်း အမကြီးတို့ ချောင်းဦးမြို့မှာ မြို့ပေါ်ကလည်း အဲဒီလောက်အထိ မဲမရဘူး။ ခင်မွန်ကလည်း မတောက်တခေါက်ပဲရမယ်။ မုံရွေး-ကြေးမုံကလည်း မတောက်တခေါက်ပဲရမယ်။ အမြင့်ဆိုတာကတော့ ပြည်သူလူထုရဲ့မဲ သူတို့ တမဲမှမရနိုင်ဘူး။ စစ်နဲ့ ရဲ သူတို့စခန်းလောက်ပဲ မဲရမှာ၊ ပြင်ပမဲ တမဲမှမရဘူး” လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာလည်း ပြည်သူတွေက မဲမထည့်ချင်ကြတဲ့အတွက် လမ်းပေါ်မထွက်ကြပါဘူး။ မဖြစ်မနေ အလုပ်သွားရတဲ့သူတွေလောက်ပဲ အပြင်ထွက်ကြပြီး မဲပေးဖို့ စိတ်ဆန္ဒမရှိကြဘူးလို့ ဆိုပါတယ်။

စစ်ရေးတည်ငြိမ်မှုမရှိတဲ့ ကျေးရွာတွေနဲ့ မြို့နယ်တွေဘက်မှာတော့ အတင်းအကျပ် ဖမ်းဆီး ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး မဲပေးဖို့ စစ်ကောင်စီက စေခိုင်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာလည်း လူသွားလူလာကြဲနေပြီး ရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ချင်သူ နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ခံတယောက်က “ခါတိုင်း ပုံမှန်ထက်တော့ အေးသွားတယ်။ ကျောက်ဝိုင်းတောင် ဒီနေ့မသွားဘူး။ တော်တော့်ကို နည်းတယ်၊ ဘာသိဘာသာပဲ အဲလိုလောက်ပဲ။ အာရုံတွေ အနောက်မခံချင်ဘူး။ ကိုယ့်ဟာကိုယ်တောင် အဆင်မပြေလို့။ သူတို့ဇွတ်လုပ်တော့ ဘာသိဘာသာပဲ နေလို့ကောင်းတော့တာလေ။ ဟိုတုန်းကတော့ အားကြိုးမာန်တက် လုပ်ထားတာပဲလေ။ အဲဒီအချိန်နဲ့က အခုက တခြားစီဖြစ်သွားပြီဆိုတော့ စိတ်ဝင်စားမှု အားနည်းသွားပြီ” လို့ ပြောပါတယ်။

မတ္တရာ PDF အဖွဲ့မှ ကိုဒေါင်းက “မတ္တရာနယ်အရှေ့ခြမ်းမှာလည်း တချို့ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိတယ်၊ သတ်ဖြတ်မှုတွေလည်း ရှိတယ်၊ စစ်ကြောင်း အင်အားဖြည့်တာတွေလည်း ရှိနေတယ်လို့ သတင်းရထားပါတယ်။ မတ္တရာနယ်မှာရော မတ္တရာမြို့ပေါ်မှာရော တော်တော်များများကို သူတို့ရွေးကောက်ပွဲအတွက်ကို အလုပ်လုပ်နေကြတာ ရှိကြပါတယ်။ ပြည်သူတွေကတော့ စိတ်ပါဝင်စားမှု မရှိကြပါဘူးဗျ။ ပြည်သူတွေကို သူတို့ ခြိမ်းခြောက်မှုတွေရှိတယ်၊ တော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့ မိသားစုတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်။ မြို့ပေါ်မဲရုံတွေနဲ့ ပတ်သက်ပြီး ဖောက်ခွဲမှုတွေတော့ လောလောဆယ် မရှိသေးပါဘူးဗျ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် နေပြည်တော်မှာ မဲပေးပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးနေတာပါ။

လုံခြုံရေး မထိန်းနိုင်တာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး အလှည့်ကျစနစ်နဲ့ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရနဲ့ ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတရပ် မဟုတ်ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013