
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က တရုတ်အကူအညီနဲ့ ပြန်လည်ရယူထားတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မနက်က ကျင်းပနေပါတယ်။
စစ်ပွဲတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ ရှမ်းမြောက်က ပြည်သူတွေဟာ မျှော်လင့်ချက်မဲ့နေပြီး စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို မဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတချို့ကတော့ မဲ မပေးချင်ကြလို့ နေရပ်မပြန်ဘဲ ခရီးသွားနေကြတဲ့သူတွေလည်း ရှိနေတာပါ။
ဒီရွေးကောက်ပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ရှမ်းပြည်နယ်မှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်တာာ မရှိပါဘူး။
အခုကျင်းပနေတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တာကြောင့် လက်မခံဘူးလို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဆိုပါဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုထားပါတယ်။
ခွန်ဇော်ဦး


