
မြန်မာအာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကို စတင်ကျင်းပနေချိန်မှာပဲ ဒီရွေးကောက်ပွဲကို မီဒီယာတွေ ပူးပေါင်းစောင့်ကြည့်မှု စကားဝိုင်းတခုကို ထိုင်းနိုင်ငံမှာ ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲ စကားဝိုင်းကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း မြို့တော်၊ ချင်းမိုင်မြို့က Thai PBS North ရုံးမှာ ကျင်းပနေတာဖြစ်ပြီး သတင်းမီဒီယာအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း အသီးသီး တက်ရောက်နေကြပါတယ်။
အခုမဲပေးပွဲက “ဟန်ပြရွေးကောက်ပွဲ” သာ ဖြစ်ကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံအတွင်း တည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေတွေကြားကနေ လွှတ်တော်အတွင်း သူတို့ရဲ့ ကိုယ်စားလှယ်တွေကို နေရာချထားခြင်းဖြင့် အာဏာကို တရားဝင်ဖြစ်အောင် ဖန်တီးဖို့ ကြိုးပမ်းနေကြတာသာ ဖြစ်ကြောင်း ဝေဖန် ဆွေးနွေးခဲ့ကြပြီး မြန်မာ့နိုင်ငံရေး ရှေ့ဆက်သွားမဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီကနေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို စောင့်ကြည့်ဖို့ စာရင်းပေးထားတဲ့အထဲမှာ ရုရှား၊ အိန္ဒိယနဲ့ ထိုင်းတို့ အပါအဝင် ၉ နိုင်ငံက စာရင်းပေးထားတယ်လို့ သိထားရပြီး ဒီ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) နဲ့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။


