
ရခိုင်ပြည်နယ်က စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနေပေမဲ့ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီက မြို့တွင်းနေ စစ်ရှောင်အပါအဝင် ဒေသခံတွေနဲ့ ရွေးကောက်ပွဲ ပြုလုပ်နေပေမဲ့ မြို့ပြင်နဲ့ ပင်လယ်ပြင်ရှိ နေဗီတွေက ပစ်ခတ်သံတွေကို မနေ့ညကနေ ဒီနေ့မနက်ထိ ဆူဆူညံညံ ကြားနေရတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရွေးကောက်ပွဲကတော့ ဒီမနက်ကတည်းက လုပ်နေပြီး မြို့ပြင်မှာတော့ နှစ်ဖက်တိုက်ပွဲလည်း ဖြစ်နေတယ်။”
ကျောက်ဖြူမြို့ပြင် သစ်ပုတ်တောင်ရေတပ်ဌာနချုပ် နေဗီ၊ လက်နက်ကြီး၊ ရဲတပ်ရင်း ၃၂ က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နေရာတွေကို ဒီနေ့မနက် ပစ်ခတ်သံနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ AA တို့ဟာ မြေပြင်တိုက်ပွဲသာမက ဒရုန်းလက်နက်ကြီးတွေနဲ့ပါ အပြန်အလှန် တိုက်ခိုက်မှု ပြင်းထန်နေပြီး မနေ့ညက AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ သစ်ပုတ်တောင်ရေတပ်ဌာနချုပ် လူပျိုဆောင်တန်းလျားကို ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှု ရှိတယ်လို့ တပ်တွင်းသတင်းအရ သိရပါတယ်။
အလားတူ စစ်တွေမြို့မှာ မြို့တွင်းရွေးကောက်ပွဲ လုပ်နေပေမဲ့ မြို့ပြင် အမြင့်ကျွန်း၊ ပါဒလိပ်၊ ရေချမ်းပြင်တို့မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက် အပြန်အလှန် လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။
“မနေ့ညကဆိုရင် အမြင့်ကျွန်းရွာကနေ ကွမ်းတောင်ဘက်ခြမ်းကို ဒရုန်း၊ လက်နက်ကြီး ပစ်တယ်၊ အမြင့်ကျွန်းတံတားထိပ်ကို ကျတာ မြင်နေရတယ်။”
စစ်တွေဘက်ခြမ်း အမြင့်ကျွန်းရွာကနေ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘက်ခြမ်း အမြင့်ကျွန်းတံတားထိပ်ကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ရသေ့တောင်မြို့နယ်နဲ့ ပေါက်တောမြို့နယ်ဘက်ကိုလည်း လက်နက်ကြီး ပစ်ခတ်နေတယ်လို့ သူကဆိုပါတယ်။
တဆက်တည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီကျော်ခန့်က မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာနဲ့ စစ်ကောင်စီ တပ်ရင်းဟောင်းတွေကို Y12 လေယဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချမူကြောင့် နေအိမ်၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။


