Home
မြန်မာသတင်း
ဧရာဝတီတိုင်းမြို့တော် ပုသိမ်တွင် ဆန္ဒမဲပေးသူနည်းပါးပြီး မအူပင်မြို့တွင် မဲပေးသူများ 
DVB
·
December 28, 2025
Photo: pt

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပနေတာမှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့တော် ပုသိမ်မြို့မှာတော့ ဆန္ဒမဲ လာရောက်ပေးတဲ့ ပြည်သူတွေ နည်းပါးပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေသာ မဲလာရောက်ပေးတာ တွေ့ရတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိတဲ့အထဲ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ လပွတ္တာနဲ့ ဟင်္သာတ မြို့နယ် ၈ မြို့နယ်မှာ  စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြုလုပ်နေတာပါ။

ပုသိမ်မြို့ပေါ် ရပ်ကွက်၊ ကျေးရွာ မဲရုံပေါင်း ၂၁၄ ရုံထဲမှာ စစ်တပ်မဲရုံ ၂၁ ရုံမှာသာ မဲပေးသူ အများစုကို တွေ့ရှိရပြီး အရပ်ဘက်မဲရုံ ၁၉၃ ရုံမှာတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတချို့သာ တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ဒီကနေ့ စစ်ကောင်စီကပြုလုပ်တဲ့ ရွေးကောက်ပွဲကို မဲပေးရာမှာက တိုင်းမြို့ဖြစ်တဲ့ ပုသိမ်မှာတောင် ပြည်သူတွေက စိတ်မဝင်စားလို့ မဲရုံတွေမှာ စစ်တပ်နဲ့ပတ်သက်တဲ့သူတွေလောက်ပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဧရာဝတီတိုင်းက ခရိုင်မြို့ကြီးတမြို့ဖြစ်တဲ့ မအူပင်မြို့မှာ မဲလာပေးသူတွေ များနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မအူပင်မြို့ခံတယောက်က “တခြားမြို့နယ်တော့ မသိဘူး၊ မအူပင်မြို့မှာကတော့ ကြိုတင်မဲ စပေးတဲ့နေ့ကတည်းက တက်တက်ကြွကြွ လုပ်နေတာတွေ တွေ့ရတယ်။  ဒီကနေ့ဆိုရင် အထက ၁ ကျောင်းထဲက မဲရုံတွေမှာတော့ လူတွေအများကြီးပဲ။ ညကတည်းက ပြည်သူ့စစ်တွေ၊ မီးသတ်တွေ ရှုပ်ယှက်ခတ်နေတာပဲ။ ဗိုလ်ချုပ်အဆင့်က ယူနီဖောင်းချွတ်ပြီး ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်တာ ဆိုတော့လည်း လူမှုရေးအဖွဲ့တွေ၊ တခြားအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက ဝန်းရံလုပ်ပေးနေတာဆိုတော့ မဲပေးသူများတာပေါ့” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပနေတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာတော့ အပိုင်း ၁ အဖြစ် ဧရာဝတီတိုင်း ၈ မြို့နယ် အပါအဝင် နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013