
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ ရန်ကုန်မှာ မဲလာမပေးတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုနေတာတွေ ရှိတယ်လို့ မြို့ခံတွေကဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မဲရုံဖွင့်လှစ်ထားတဲ့ မနက် ၆ နာရီမှာပဲ မဲရုံးအနီးအနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်နေကြတဲ့ ပြည်သူတွေကို “မဲလာမပေးကြတဲ့သူတွေကို စာရင်းမှတ်ထားမယ်” လို့ လာရောက်ခြိမ်းခြောက် ပြောဆိုသွားကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “မဲပေးတဲ့မြို့နယ်တွေမှာ ရဲနဲ့ စစ်တပ်က ကားတွေ ဆိုင်ကယ်တွေနဲ့ အချိန်တိုင်းလှည့်နေသလို မဲရုံဆိုတဲ့ နေရာတွေနဲ့ မလှမ်းမကမ်းမှာ အရပ်ဝတ်တွေ သေနတ်တွေပါတဲ့ ယူနီဖောင်းဝတ်တွေနဲ့ အစောင့်တွေ ထားထားကြတယ်။ ဒါဟာ တရားမျှတမှုနဲ့ လွတ်လပ်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရလား။ မဲလာမပေးမှာစိုးလို့ ရပ်ကွက်လူကြီးနဲ့ ပျူတွေ၊ ကြံ့ခိုင်ရေးကကောင်တွေက မဲမပေးတဲ့ကောင်တွေ မှတ်ထားမယ်၊ နိပိန်းအားပေးကောင်တွေ ဆိုပြီး အခုမဲပေးနေတဲ့ အချိန်မှာတောင် လက်ဖက်ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေမှာ ခြိမ်းခြောက်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
သတ်မှတ်မဲရုံမှာ အစောပိုင်း လာရောက်မဲပေးကြသူတွေက အများအားဖြင့် အစိုးရဝန်ထမ်းတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဖြစ်ကြောင်းနဲ့ စီတန်းမဲပေးနေချိန်မှာ ရိုက်ကူးရေးတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
“မနက် ၅ နာရီကျော်ကတည်းက မဲရုံတွေ ဖွင့်ထားတယ်။ မဲစပေးတာက ရပ်ကွက်က ကြံ့ဖွတ်အားပေးတွေနဲ့ ပေးတယ်။ ပြီးတာ့ ရဲစခန်း၊ ဝန်ထမ်း အဲဒါတွေနဲ့ လူများအောင် လူတွေတန်းစီပြီး အေးချမ်းပျော်ရွှင်စွာ မဲပေးကြတယ်ဆိုပြီး ဇာတ်ညွှန်းကြီးချထားတဲ့ ဇာတ်လမ်းကို ရိုက်နေကြတာ၊ ပြည်သူက အဲဒီလောက်မပါကြသေးဘူး။”
ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ရန်ကုန်မြို့အတွင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံ စတဲ့ မြို့နယ် ၁၂ ခုမှာ ကျင်းပနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဝေဝေ


