Home
မြန်မာသတင်း
ရွေးကောက်ပွဲနေ့တွင် မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးပစ်ခံရ
DVB
·
December 28, 2025

မန္တလေး နန်းတွင်းရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ရွေးကောက်ပွဲကျင်းပမဲ့နေ့ ဒီဇင်ဘာ ၂၈ ရက် မနက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မန္တလေး၊ အောင်မြေသာစံမြို့နယ်ကို ဒီနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံး ၄ လုံးနဲ့ Brave Warriors for Myanmar (BWM) နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF)၊ Shadow (အညာ) နဲ့ Infinity (ပူး‌ပေါင်းအဖွဲ့) တွေဟာ မနက် ၁ နာရီလောက်မှာ မန္တလေး နန်းတွင်းက စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ၄ လုံးက အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ထွက်ပေါက်တခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ ဆန့်ကျင်နေတဲ့ကြားက ကျင်းပခဲ့တဲ့အတွက် သဘောမတူ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ အဘက်ဘက်ကနေ ပြန်လည်ပြီး ရမ်းသန်း ပစ်ခတ်ခဲ့လို့ မြို့နေ ပြည်သူတချို့ ထိခိုက်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနဦးပိုင်းသတင်းတွေအရ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်ကို ဒီနေ့မနက် ၁ နာရီ ၅ မိနစ်က ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ထဲ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အတည်ပြုပြောကြားခဲ့ပြီး ဒီလိုပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ မထိခိုက်ဘူးလို့လည်း ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013