
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက် စတင်ကျင်းပနေတာမှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ မဲပေးချိန်အထိ မဲစာရင်း ရှာမတွေ့သူတွေနဲ့ မဲရုံတောင် မသိသေးတဲ့သူတွေ ရှိနေသလို မဲမပေးရင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်မပေးဘူးဆိုတဲ့ သတင်းပျံ့နေတာကြောင်း စိုးရိမ်ပြီး မဲလာပေးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “တချို့က ကိုယ့်မဲရုံတောင် မသိသေးဘူး။ တချို့က ကိုယ့်မဲစာရင်း ရှာမတွေ့သေး၊ အမှတ်စဉ် မသိသေးသူတွေလည်း ရှိတယ်။ မှတ်ပုံတင်နဲ့ ကွန်ပြူတာမှာ ရှာပေးနေတာ တွေ့တယ်။ မဲစာရင်းမတွေ့သေးတဲ့လူတွေကိုပေါ့” လို့ ပြောပါတယ်။
အဓိကက မဲမပေးရင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် မလုပ်ပေးဘူးဆိုတဲ့ သတင်းတွေကြောင့်လည်း မဲလာပေးကြတာတွေလည်း ရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ မဲမပေးမနေရ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “အရင်လောက် မဲပေးသူ ကြိတ်ကြိတ်တိုးတော့ မဟုတ်ဘူး။ မဖြစ်မနေ ပေးရမယ်ဆိုလို့ ကြံ့ခိုင်ရေးပါတီကလွဲလို့ တခြားပါတီကိုပဲ ရွေးပေးခဲ့တယ်” လို့ ပြောပါတယ်။
တအိမ်လုံး မဲမပေးနိုင်ခဲ့ရင်တောင်မှ စမတ်ကတ် ရှိပြီးသားလူတွေ စာရင်းပါပြီးသားလို့လည်း ကြားနေတော့ ပေးပေး မပေးပေး ဘာမှမထူးဘူးလို့ ဒေသခံက ပြောပါတယ်။
မဲမပေးသူတွေလည်း ရှိသလို တချို့ကတော့ ကိုယ်ရွေးချင်တဲ့ပုံစံ မဟုတ်လို့ မဲလာ မပေးတာမျိုးလည်း ရှိပါတယ်။
မဲမပေးရင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် မလုပ်ပေးဘူးဆိုတဲ့ သတင်းကြောင့် တရုတ်နယ်စပ်ဘက် ကျယ်ဂေါင်၊ ရွှေလီဘက် အလုပ်လုပ်နေသူတွေ တချို့လည်း မဲပြန်လာပေးကြတာ ရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


